ငုံးဥကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ငုံးဥကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရေးသားသူ Aye Thi Mon 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Kaung Thar. 

ငုံးဥ

ငုံးဥဆိုတာ ငုံးငှက်ကလေးတွေရဲ့ဥလေးတွေဖြစ်ပါတယ်။ ငုံးငှက်လေးတွေက မြေပြင်မှာ လျင်လျင်မြန်မြန် သွားလာနိုင်ပြီး တခါတလေေတော့ ပျံတတ်ပါတယ်။ ငုံးဥက ကြက်ဥထက် တော်တော်လေးသေးပြီး အခွံပေါ်မှာ အမဲရောင်အစက်လေးတွေ ပါဝင်ပါတယ်။ အလေးချိန်အားဖြင့် ကြက်ဥနဲ့ဘဲဥတွေထက် ပေါ့ပေမယ့် အာဟာရဓာတ်ကတော့ တော်တော်လေး ပိုများပါတယ်။

ငုံးဥကနေပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ

ငုံးဥမှာ အာဟာရဓာတ်ကြွယ်ဝစွာ ပါဝင်ပြီးကျန်းမာရေးကို အထောက်အကူပြုနိုင်တာကြောင့် နေ့စဉ်စားသုံးတဲ့အစားအသောက်တွေထဲမှာ ထည့်သွင်းစားသုံးပေးမယ်ဆိုရင် ရရှိလာနိုင်မယ့် အကျိုးကျေးဇူးတွေကိုဖော်ပြပေးလိုက်ပါတယ်။

အမြင်အာရုံကောင်းမွန်စေခြင်း

ငုံးဥမှာ အမြင်အာရုံကို ကောင်းမွန်အောင် အားဖြည့်ပေးတဲ့ ဗီတာမင် အေ (Vitamin A) ကြွယ်ဝစွာပါဝင်တာကြောင့် အမြင်အာရုံ ကြည်လင်ကောင်းမွန်စေသလို မျက်စိကို ကျန်းမာစေပါတယ်။ ဗီတာမင် အေ ရဲ့ဓာတ်တိုးဆန့်ကျင်မှုဖြစ်စဉ်တွေက မျက်လုံးကြွက်သား ယိုယွင်းပျက်စီးမှုကို လျှော့ချပေးနိုင်သလို အတွင်းတိမ်မဖြစ်အောင် ကာကွယ်ပေးပြီး အမြင်အာရုံကို ပိုမိုကောင်းမွန်စေပါတယ်။

ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်း

ငုံးဥမှာ ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ fatty acid တွေအများအပြားပါဝင်တာကြောင့် နှလုံးကျန်းမာရေးကိုတိုးတက်ကောင်းမွန်စေပါတယ်။ HDL ကိုလက်စထရောက ခန္ဓာကိုယ်ကိုအကျိုးမပြုတဲ ့ကိုလက်စထရောဖြစ်တဲ့ LDL ကိုလက်စထရောကိုတိိုက်ဖျက်ဖို့အတွက်လိုအပ်တဲ့ အကျိုးပြုကိုလက်စထရောတစ်မျိုးဖြစ်ပါတယ်။ ငုံးဥမှာ HDL ကိုလက်စထရော ၆၀ ရာခိုင်နှုန်းလောက်အထိပါဝင်ပါတယ်။ ကိုလက်စထေရောဆိုင်ရာ ပြဿနာအခံရှိသူတွေအနေနဲပကတော့ ငုံးဥအများကြီးမစားသင့်ပါဘူး။ ငုံးဥတစ်လုံးမှာ အကြမ်းဖျင်းအားဖြင့် ပြည့်ဝဆီ ၁.၆ ဂရမ်ပါဝင်နေပါတယ်။

ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးအောင်လှု့ံဆော်ပေးခြင်း

ကြက်ဥလိုမျိုးပဲ ငုံးဥကလည်း ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေအတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေကိုထောက်ပံ့ပေးပါတယ်။ ပရိုတင်းတွေက အာဟာရဓာတ်ပုံစံအမျိုးမျိုးအဖြစ်ပြိုကွဲသွားပြီး ဆဲလ်အသစ်တွေ၊တစ်ရှုးတွေ၊ ကြွက်သား၊အရိုးနဲ့သွေးကြောတွေကိုဖြစ်ပေါ်စေပါတယ်။ ငုံးဥမှာပါတဲ့ အာဟာရဓာတ်က ကျန်းမာရေးကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ပုံမှန်ကြီးထွားဖွံ့ဖြိုးမှုကိုဖြစ်ပေါ်စေပါတယ်။

သွေးတိုးကျစေခြင်း

ငုံးဥမှာ ပိုတက်ဆီယမ်အပါအဝင် ခန္ဓာကိုယ်အတွက်မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်များစွာပါဝင်ပါတယ်။ ငုံးဥက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်လားဆိုတာကို လေ့လာနေဆဲဆိုပေမယ့် ငုံးဥမှာ ပိုတက်ဆီယမ်ပါဝင်နေတာက သွေးတိုးကျစေနိုင်ပြီး သွေးလွတ်ကြောတွေ နဲ့သွေးပြန်ကြောတွေအပေါ်မှာ ဖိအားတွေသက်ရောက်တာကို လျော့ပါးသက်သာစေနိုင်ပါတယ်။ ငုံးဥမှာ ကြက်ဥထက်ပိုတက်ဆီယမ် ကြွယ်ဝစွာပါဝင်ပါတယ်။

ကိုယ်တွင်း အဆိပ်အတောက်ကိုပြေစေနိုင်ခြင်း

နေထိုင်ရာ ပတ်ဝန်းကျင်မှာ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ၊ ညစ်ညမ်းတဲ့အရာတွေကိုယ်တွင်းအဆိပ်အတောက်တွေကိုပြေစေတာက အရေးပါတဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ ငုံးဥကိုထည့်သွင်းစားသုံးပေးမယ်ဆိုရင် သွေးကြောတွေထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်မှာဖြစ်သလို သည်းခြေကျောက်နဲ့ကျောက်ကပ်ကျောက်တွေကို သေးငယ်အောင်လည်းအထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

နာတာရှည်ဝေဒနာတွေမဖြစ်အောင်ကာကွယ်ပေးခြင်း

ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာက လူ့ကျန်းမာရေးအတွက် အရေးပါတဲ့အစိတ်အပိုင်းတစ်ခုပါ။ လူသားတွေဟာနေ့စဉ်နဲ့အမျှ နာတာရှည်ရောဂါတွေနဲ့ ကင်ဆာဝေနာတွေကိုဖြစ်စေနိုင်တဲ့ free radical တွေနဲ့ထိုးစစ်ဆင်နေရပါတယ်။ ငုံးဥမှာ free radical တွေကိုတိုက်ဖျက်ပးနိုင်စွမ်းရှိတဲ့ ဗီတာမင် စီ နဲ့ ဗီတာမင် အေ (Vitamin A) တွေကြွယ်ဝစွာပါဝင်နေပါတယ်။ ကျန်းမာရေးကောင်းမွန်ပြီး နာတာရှည်ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

ဓာတ်မတည့်မှုတွေကို သက်သာစေခြင်း

ငုံးဥမှာ ဓာတ်မတည့်မှုကိုတိုက်ဖျက်ပေးတဲ့ သဘာဝဓာတ်ပစ္စည်းတစ်ရပ်ဖြစ်တဲ့ ovomucoid ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်နေပါတယ်။ ရောင်ရမ်းတာနဲ့ အခြားဓာတ်မတည့်တဲ့လက္ခဏာတွေခံစားရမယ်ဆိုရင် ငုံးဥစားပေးလို့ရပါတယ်။ ငုံးဥက ဓာတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်ကိုပုံမှန်အနေအထားပြန်လည်ရောက်ရှိစေမှာဖြစ်ပါတယ်။

ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုဖြစ်စဉ်ကိုတိုးတက်စေနိုင်ခြင်း

ငုံးဥမှာပါတဲ့ ဗီတာမင် ဘီ က ဟော်မုန်းနဲ့အင်ဇိုင်းတွေရဲ့လုပ်ဆောင်မှုတွေအပါအဝင်ခန္ဓာကိုယ်တစ်ခုလုံးက ဇီဝတွင်းဖြစ်ပျက်မှုတွေကို မြှင့်တင်ပေးပါတယ်။ ငုံးဥကအရသာရှိတာထက် ခန္ဓာကိုယ်ရဲ့လုပ်ငန်းစဉ်တွေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကို ချောမွေ့စေပါတယ်။

စွမ်းအင်ကိုတိုးမြှင့်စေနိုင်ခြင်း

ငုံးဥမှာ သတ္တုဓာတ်နဲ့ အာဟာရဓာတ်များစွာပါဝင်နေသလို ပရိုတင်းကလည်း ၆ ဂရမ်ပါဝင်တာကြောင့် မနက်တိုင်းငုံးဥစားသုံးပေးမယ်ဆိုရင် စွမ်းအင်တိုးတက်စေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေမှာဖြစ်ပါတယ်။

သတိပြုစရာများ

  • ငုံးဥမှာ ပြည့်ဝဆီ အတန်အသင့်ပါဝင်နေတာကြောင့် ငုံးဥကို အကန့်အသတ်နဲ့စားသုံးသင့်ပါတယ်။ နေ့စဉ်စားသုံးမှုပုံစံကို ကြီးကြီးမားမားပြောင်းလဲမယ်ဆိုရင် တတ်သိနားလည်သူနဲ့တိုင်ပင်သင့်ပါတယ်။
  • သက်ကြီးရွယ်အိုတွေနဲ့ကလေးငယ်တွေကို ငုံးဥအများကြီးမကျွေးသင့်ပါဘူး။ ငုံးဥကို အသင့်အတင့်စားသုံးတာကတော့ အန္တရာယ်မရှိပါ ဘူး။
  • ငုံးဥကို အသက် ၈ လအောက်ကလေးတွေကိုမကျွေးသင့်ပါဘူး။
  • ငုံးဥနဲ့ဓာတ်မတည့်သူတွေကိုလည်းမကျွေးသင့်ပါဘူး။
  • ကျောက်ကပ်နဲ့အသည်းရောဂါရှိသူတွေနဲ့လည်းမသင့်တော်ပါဘူး။
  • အစာအိမ်နဲ့အူလမ်းကြောင်းဝေဒနာရှိသူတွေအနေနဲ့လည်းမစားသုံးသင့်ပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly