အစိုးရကိုယ်စားလှယ်အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးရန် မိုင်းလားသို့ ဆက်လက်ထွက်ခွာ

အစိုးရကိုယ်စားလှယ်အဖွဲ့ငြိမ်းချမ်းရေးဆွေးနွေးရန် မိုင်းလားသို့ ဆက်လက်ထွက်ခွာ
'ဝ'ပြည်နယ် ပြင်ပဆက်ဆံရေးရုံး  ၀ ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။           ။ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဦးဆောင်ပြီး ငြိမ်းချမ်းရေး ကော်မရှင်အဖွဲ့ဝင်နှင့် တပ်မတော်သားကိုယ်စား လှယ်များပါ၀င်သည့်အဖွဲ့သည် ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ကိစ္စများဆွေးနွေးရန်အတွက် မိုင်းလားသို့ ဆက်လက်ထွက်ခွာသွား ပြီဖြစ်ကြောင်း UWSA ပြောခွင့်ရပုဂ္ဂိုလ် ဦးညီရန်းက ဆိုသည်။

အစိုးရကိုယ်စားလှယ်အဖွဲ့သည် “ဝ" ပြည်နယ် UWSA ဌာနချုပ် ရှိသည့် ပန်ဆန်းမြို ့သို့ နိုဝင်ဘာ ၁၁ ရက်နေ့က ရောက်ရှိခဲ့ပြီး "ဝ"ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်ဥက္ကဋ္ဌ  ဦးပေါက်ယူချန်းနှင့် ဒုဥက္ကဋ္ဌ ဦးရှောက်မင်လျန် နှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ယနေ့  နိုဝင်ဘာ ၁၂ ရက်၊ မနက်ပိုင်းတွင် မိုင်းလား (NDAA) သို့ ထွက်ခွာသွားခြင်းဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် အစိုးရ အဆင့်မြင့် အရာရှိများပါ၀င်သည့်အဖွဲ့အနေဖြင့် “ဝ" နှင့် မိုင်းလားသို့ ပထမဆုံးအကြိမ်အဖြစ် သီးခြားစီသွားရောက်တွေ့ ဆုံခြင်းလည်းဖြစ်သည်။

“ ဆွေးနွေးမှာက အဓိကတော့ ဖွံဖြိုးရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဒီအဖွဲ့တွေဘယ်လိုပါနိုင်မလဲဆိုတာကို ဆွေးနွေးမယ် ” ဟု ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်ဖြစ်သည့်အပြင် အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးဇော်ဌေးက ဆိုသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ဦးဆောင်ဦးဆောင်ပြီး ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင် ဦးအောင်စိုး၊ ဦးခင်ဇော်ဦး တို့အပြင် တပ်မတော် ကိုယ်စားလှယ် နှင့် ပြည်နယ်အစိုးရ ကိုယ်စားလှယ်များပါ၀င်သည့်အဖွဲ့သည် နို၀င်ဘာ ၁၀ ရက်နေ့ ကနေ ၁၃ ရက်ထိ “ဝ" ပြည်နယ်နှင့် မိုင်းလား အထူးဒေသသို့ သွားရောက်နေခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags