ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ဆုံးရှုံးမှုတန်ဖိုး မြန်မာ့အာမခံမှတွက်ချက်ဆဲ

ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်ဆုံးရှုံးမှုတန်ဖိုး မြန်မာ့အာမခံမှတွက်ချက်ဆဲ
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။           ။ ဟိုတယ်တစ်ခုလုံးနီးပါး Level 5 အဆင့်ဖြင့် မီးလောင်ကျွမ်းခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုဆုံးရှုံးသည့် တန်ဖိုးအား မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့် တွက်ချက်နေဆဲသာဖြစ်ကြောင်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက ပြောသည်။

အောက်တိုဘာ ၁၉ ရက် ဟိုတယ်မီးလောင်မှုကြောင့် ကျပ်သန်း သုံးသောင်း ကျော် ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့မှ ပြောဆိုလိုက်သော်လည်း မြန်မာ့အာမခံအနေဖြင့် တန်ဖိုးကို ၂၅ ရက်ကြာ သည်အထိ အတိအကျပြောဆိုခြင်းမရှိပေ။

ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်ဆုံးရှုံးမှုတန်ဖိုးမှာ “ကျပ် သန်းပေါင်း သုံးသောင်း ခုနှစ်ထောင်ကျော်ပဲ “ ဟု ရန်ကုန်တိုင်း မီးသတ်တပ်ဖွဲ့ ဒုဦးစီးမှူး ဦးမြင့်စိုးက နိုဝင်ဘာလ ၁၂ ရက်တွင် ပြောသည်။

သို့သော် အဆိုပါဟိုတယ် မီးလောင်မှုတွင်အဓိကပေးလျော်ရန်ရှိနေသည့် မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် ကျွမ်းကျင်ပညာရှင်များပါ၀င်သည့် “ ဆုံးရှုံးမှု တန်ဖိုးတွက်ချက်ရေးအဖွဲ့”  ငှားကာ စစ်ဆေးနေကြောင်းလည်း သိရသည်။

ထို့အပြင် လာမည်နိုဝင်ဘာ တတိယအပတ်ထဲတွင် ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ပိုင် ဦးတေဇ၊ ဆုံးရှုံးမှုတန်ဖိုး တွက်ချက်ရေးအဖွဲ့နှင့် မြန်မာ့အာမခံလုပ်ငန်းမှတာဝန်ရှိသူများ အာမခံပေးလျှော်ရန်အတွက် တွေ့ဆုံဆွေးနွေး သွားရန်ရှိနေကြာင်းလည်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းကပြောသည်။

“ ဆုံးရှုံးမှုဘယ်လောက်ရှိတယ်။ လျော်ကြေးဘယ်လောက်ရှိမယ်သူတို့က ( ဆုံးရှုံးမှုတန်ဖိုးတွက်ချက်ရေးအဖွဲ့ ) တွက်တာပါ။ အာမခံထားတဲ့ငွေက တန်ဖိုးအပြည့်မထားဘူးလေ။ မီးသတ်ကထွက်တာ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သန်း သုံးသောင်းကျော်လားမသိဘူးထွက်တာ။ ကျွန်တော်တို့ သိထားတာက ကျပ် ၈၅၅ သန်း လောက် အာမခံထားတာကိုး။  အဲ့ဒါကြောင့် ဘယ်ဟာကိုဆုံးရှုံးပြီးတော့ ဘယ်ဟာကိုလျော်ရမယ်ဆိုတာကို ပြန်တွက်ရဦးမှာပေါ့ “ ဟု ၄င်းကဆိုသည်။

ကန်တော်ကြီးပဲလေ့ဟိုတယ်သည် မြန်မာ့အာမခံလုပ်ငန်းတွင် ကျပ် ၈၅၅ သန်းနှင့် အောင်သစ္စာဦး အာမခံ လုပ်ငန်းတွင် ကျပ် သန်း၅၀၀ အာမခံထားခြင်း လည်းဖြစ်သည်။

မီးသတ်တပ်ဖွဲ့မှ ဆုံးရှုံးမှုတန်ဖိုး ကျပ်သန်း သုံးသောင်းခုနှစ်ထောင်ရှိသည်ဟုပြောဆိုထားသော်လည်း အာမခံထားသည့် စုစုပေါင်းတန်ဖိုးမှာ ကျပ်သန်း ၁၃၅၅ သာရှိနေသည်။

ထို့ကြောင့် ဟိုတယ်ကို ပိုင်ဆိုင်သည့် ထူးကုမ္မဏီများအုပ်စုမှ ဥက္ကဋ္ဌရုံးပြောခွင့်ရပုဂ္ဂိုလ်နှင့် ဟိုတယ်လုပ်ငန်းစု မန်နေဂျင်းဒါရိုက်တာတို့၏ လက်ကိုင်ဖုန်းများသို့ဆက်သွယ်ခဲ့သော်လည်း စက်ပိတ်ထားသောကြောင့် အဆက်အသွယ်မရခဲ့ပေ။

ဟိုတယ် အခန်း ၁၈၀ အနက် ၉၀ ကျော်မီးလောင်ဆုံးရှုံးခဲ့သည့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မီးလောင်မှုတွင် တည်းခိုနေသူ ဂျပန်နိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသူဟု ယူဆရသူတစ်ဦး မီးလောင်သေဆုံးခဲ့ပြီး မီးသတ် တပ်ဖွဲ့ဝင်တစ်ဦး ဦးခေါင်းထိခိုက်မိကာ နိုဝင်ဘာလ ၁၁ ရက်အထိ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်များကြောင့် ကန်တော်ကြီးပဲလေ့စ်ဟိုတယ် မန်နေဂျာ ဦးသီဟအား အမှု ၃ ခုဖြင့် တရားစွဲဆိုထား ပြီး မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးတွင် စစ်ဆေးနေဆဲဖြစ်သည်။

ကန်တော်ကြီးပဲလေ့စ်ဟိုတယ်ကို အကြီးစား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးတေဇက ထိုင်းနိုင်ငံ Baiyoke Group of Hotels ထံမှာ အမေရိကန်ဒေါ်လာ ၂၉ သန်းဖြင့် ၂၀၁၀ ခုနှစ်က ၀ယ်ယူထားခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly