မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့လိုအပ်ကြောင်း ထရမ့်ကအလေးပေးပြောကြား

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အဆုံးသတ်ဖို့လိုအပ်ကြောင်း ထရမ့်ကအလေးပေးပြောကြား

ဟိုချီမင်းစီးတီး၊ ဗီယက်နမ်၊ နို၀င်ဘာ ၁၂ ။             ။ ဗီယက်နမ်သို့ နိုင်ငံတော်ခရီးစဉ်ဖြင့် အလည်အပတ်ရောက်ရှိနေသော အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့တွင် မိန့်ခွန်းပြောကြားခဲ့ပြီး ထိုမိန့်ခွန်းထဲ၌ မြောက်ကိုရီးယားတို့အနေဖြင့် ခြိမ်းခြောက်မှုများ မပြုလုပ်နိုင်တော့အောင် တာဝန်ရှိသောနိုင်ငံများအားလုံးက ၀ိုင်းဝန်းကြိုးပမ်းသင့်ကြောင်း အလေးပေး ပြောဆို ခဲ့သည်။

ဒုံးပျံစမ်းသပ်မှုများနှင့် အဏုမြူစမ်းသပ်များကို ထပ်ခါတလဲလဲလုပ်ဆောင်နေသော ပြံုယမ်းအစိုးရကြောင့် ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများမြင့်တက်လျက်ရှိနေပြီး ကိုရီးယားစစ်ပွဲဖြစ်ပွားခဲ့သည့် ၁၉၅၀ - ၅၃ ကာလ အပြီး တင်းမာမှုများအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

“ မတွေးဝံ့လောက်အောင် များပြားလှတဲ့အသက်တွေ ဆုံးရှုံးသွားနိုင်တဲ့ မြောက်ကိုရီးယားအစိုးရရဲ့ ခြိမ်းခြောက် မှုတွေ ရပ်တန့်သွားဖို့အတွက် တာဝန်ရှိတဲ့နိုင်ငံအားလုံးက သေသေချာချာ   ဆောင်ရွက်ရပါမယ်” ဟု ဒေါ်နယ် ထရမ့်က ဗီယက်နမ်သမ္မတ ထရန်ဒိုင်ကွမ်နှင့်အတူ ဟနွိုင်းမြို့ရှိသမ္မတအိမ်တော်၌ တွေ့ဆုံပွဲပြီးနောက် ပြုလုပ် ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျနော်တို့လိုချင်တာ အေးချမ်းတည်ငြိမ်မှုပါ။ ပရမ်းပတာအခြေအနေတွေ မဟုတ်ပါဘူး။ ကျနော်တို့လိုချင်တာ ငြိမ်းချမ်းရေးပါ။ စစ်ပွဲမဟုတ်ပါဘူး” ဟု အမေရိကန်သမ္မတကြီးက ပြောခဲ့ပြီး လုံခြံုရေး၊ အကြမ်းဖက်မှုတိုက်ဖျက် ရေး၊ ဆိုင်ဘာပြစ်မှု၊ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုနှင့် ရောဂါဘယကာကွယ်ရေး စသည့် ကဏ္ဍအသီးသီးကို ကိုင်တွယ်ဖြေရှင်းရာတွင် ဒေသတွင်း၌ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြည့်စွက် ပြောဆိုခဲ့သည်။

ထရမ့်သည် ဗီယက်နမ်ခရီးစဉ်ပြီးနောက်တွင် တနင်္ဂနွေနေ့ည၌စတင်ကျင်းပပြီး အင်္ဂါနေ့တွင် အဆုံးသတ်မည့် အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး ထိပ်သီးစည်းဝေးပွဲသို့ တက်ရောက်နိုင်ရန်အတွက် မနီလာမြို့သို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။

“အာဆီယံထိပ်သီးစည်းဝေးပွဲဟာ အရမ်းကိုထူးခြားတဲ့ စည်းဝေးပွဲတစ်ခုဖြစ်ပါတယ်။ ကျနော်တက်ရောက်နိုင်ဖို့ မျှော်လင့်ပါတယ်။ ကျနော်တို့ မြောက်ကိုရီးယားတို့ရဲ့ ခြိမ်းခြောက်မှုနဲ့ပက်သက်ပြီး အဲဒီမှာ ဆက်လက်ဆွေးနွေး သွားဦးမှာဖြစ်ပါတယ်” ဟု ထရမ့်က ပြောခဲ့သည်။

ဖိလစ်ပိုင်ခရီးစဉ်သည် ထရမ့်၏အာရှခရီးစဉ်အတွင်း နောက်ဆုံးသွားရောက်မည့်နေရာဖြစ်သည်။ ထရမ့်သည် သူ၏အာရှခရီးစဉ်အတွင်း ဂျပန်နိုင်ငံသို့ စတင်သွားရောက်ခဲ့ပြီး ထို့နောက်တွင် တောင်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်တို့သို့ ဆက်လက်သွားရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags