မိုးညှင်းဒေသမှ ရိုးရာစာဟင်းပေါင်းများ ဘန်ကောက်မြို့အထိ တင်ပို့မှုရှိနေ

မိုးညှင်းဒေသမှ ရိုးရာစာဟင်းပေါင်းများ ဘန်ကောက်မြို့အထိ တင်ပို့မှုရှိနေ

မိုးညှင်း၊နိုဝင်ဘာ ၁၂ ။            ။ ကချင်ပြည်နယ်၊ မိုးညှင်းဒေသရှိ ရိုးရာစာဟင်းပေါင်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အထိ တင်ပို့ရောင်းချ နေရကြောင်း  ဒေသခံရောင်းချသူအချို့က ဆိုသည်။

ရောင်းချရာတွင် မိုးညှင်းမှ မန္တလေး၊ မန္တလေးမှ ဘန်ကောက်သို့ ပို့ဆောင်ရောင်းချခြင်း ဖြစ်ပြီး ဒေသအစုံမှ လည်း မှာယူကြကြောင်း သိရသည်။

“ မိုးညှင်းရဲ့ဒေသ ရိုးရာစာလေးတွေကို အဝေးရောက်နေတဲ့သူတွေ အလွမ်းပြေ ဖုန်းလေးနဲ့ မှာစားကြတယ်လေ။ ဘန်ကောက်မှာလည်း စျေးပွဲတော်ရှိတော့  မှာကြတယ်။ စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်၊ အစုံပဲ မှာကြတယ်။

ကားလမ်းတွေလည်း ကောင်းလာပြီဆိုတော့ ညနေကားနဲ့ပို့၊ မန္တလေးရောက်တော့ လေယာဉ်နဲ့ ပြန်တင်တယ်” ဟု မိုးညှင််းမြို့၊ အရှေ့စုရပ်ကွက်(၄)လမ်းနေ မသီတာက  ပြောသည်။

ဘန်ကောက်မှ ပိန်းပေါင်း၊ မှိုကပ်ပေါင်း၊ ကင်မွန်းချဉ်နှင့် ပုဇွန်ဆိတ်ပေါင်းများကို အများဆုံးမှာယူကြောင်း သိရပြီး တစ်ကြိမ်ပို့လျှင် မြန်မာ ကျပ်ငွေ ရ သောင်းကျော်ခန့်ရရှိကြောင်း ရောင်းချသူများ ဆိုသည်။

ထိုသို့ ပို့ရာတွင် ဟင်းပေါင်းများကို အေးခဲသွားအောင်ပြုလုပ်ပြီး ဂျပ်ဖာများနှင့် ထည့်ကာ ပို့ဆောင်ကြကြောင်း သိရသည်။
“ ဟင်းပေါင်းတွေကို ပေါင်းပြီး ရေခဲသေတ္တာထဲ ခဏထည့်၊ ခဲသွားတဲ့အခါမှ ဂျပ်ဖာနဲ့ထည့်၊ ညထွက်တဲ့ ကားနဲ့ ပို့တော့ အဆင်ပြေတယ်” ဟု  ရောင်းချသူ မသီတာက ပြောသည်။

မိုးညှင်းဒေသထွက် ရိုးရာစာ ပိန်းပေါင်းတစ်ထုပ်လျှင် ၂၀၀ ကျပ်၊ မှိုကပ်ပေါင်း တစ်ထုပ်လျှင် ၅၀၀ ကျပ်၊ ပုဇွန်ဆိတ် ပေါင်း တစ်ထုပ်လျှင် ၅၀၀ ကျပ်ဖြင့် တင်ပို့ရောင်းချနေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly