သတင်းများ မှန်ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ရခိုင်ပြည်နယ် သွားရောက်

သတင်းများ မှန်ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီး ရခိုင်ပြည်နယ် သွားရောက်

ရခိုင်ပြည်နယ်သတင်းများ မှန်ကန်စွာ ထုတ်ပြန်နိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေမြင့်သည် ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ညနေပိုင်းက စစ်တွေမြို့သို့ ရောက်ရှိလာသည်။

ရခိုင်ပြည်အတွင်း လူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်ထူထောင်ရေး ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ၏ လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အချိန်နှင့်တပြေးညီ သတင်း ထုတ်ပြန်နိုင်ရေးအတွက် လာရောက်ခြင်း ဖြစ်သည်ဟု သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်သည်။  

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဒေသ၏အခြေအနေများ မျက်မြင်ကိုယ်တွေ့ သိရှိမှသာ မီဒီယာ ကဏ္ဍမှတဆင့် ပြည့်ပြည့်စုံစုံဖြင့် သတင်းမှန်များကို တင်ပြသွားနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်တွေမြို့ ဓညဝတီ အားကစားကွင်းရှိ ခမောင်းဆိပ်ကျေးရွာ၊ ရဲဘောကျကျေးရွာနှင့် တမန်းသား ကျေးရွာတို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် ဟိန္ဒူဘာသာဝင်များအား   ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု တို့က သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ဟိန္ဒူဘာသာဝင်များက မိမိတို့အား ပြန်လည်နေရာချထားပေးရာတွင် တစ်စုတစ်စည်းတည်း နေရာချထားပေးစေလိုကြောင်း ပြောခဲ့သည်။

၀န်ကြီးက ပြန်ကြားရေးနှင့် မီဒီယာကဏ္ဍမှတဆင့် ဟိန္ဒူဘာသာဝင်များ၏ အခြေအနေများကို အများပြည်သူ သိရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ လတ်တလော အခက်အခဲများကို နိုင်ငံတော်နှင့် ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်ဖြင့် ဖြေရှင်းဆောင်ရွက်နေကြောင်း တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် အဖွဲ့ဝင်များက ယင်း စခန်းရှိ ဟိန္ဒူဘာသာဝင် အိမ်ထောင်စု ၁၅၅ စု၊ လူဦးရေ ၅၃၉ ဦးအတွက် ငွေကျပ် ၃၁ သိန်းကို လှူဒါန်းခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လူသားချင်းကူညီထောက်ပ့ံမှုများကို ပေးလှူမည့်နေရာသို့အရောက် ပို့ဆောင်ပေးနေပြီး နေရပ်ပြန်လိုသူများအားလိုအပ်သည့် ကူညီမှုများပေးနေကြောင်း၊   မြန်မာနိုင်ငံအတွင်း ပြန်လည် ဝင်ရောက်လာမည့်သူများအား ခေတ္တလက်ခံထားရှိမည့်နေရာအား စတင်ဆောက်လုပ်နေကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က ပြောခဲ့သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက် နံနက်ပိုင်းက မောင်တောမြို့နယ်တွင် နယ်ခြားစောင့်လုံခြံုရေး ရဲကင်းစခန်းများ တပြိုင်နက်တည်း အကြမ်းဖက်သမားများ၏ စီးနင်းမှုကို ခံလိုက်ရပြီး နှစ်ဖက်ကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခု ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly