ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ဒုက္ခသည်ပြန်လက်ခံရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် မြန်မာမျှော်မှန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး၏ ခရီးစဉ်အတွင်း ဒုက္ခသည်ပြန်လက်ခံရေး သဘောတူလက်မှတ်ရေးထိုးနိုင်ရန် မြန်မာမျှော်မှန်း

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ။              ။ လာမည့် နိုဝင်ဘာတတိယပတ်အတွင်း မြန်မာနိုင်ငံသို့လာရောက်ရန်ရှိသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဒုက္ခသည် ပြန် လက်ခံရေး နှစ်နိုင်ငံသဘောတူညီချက် လက်မှတ်ရေးထိုးနိုင်မည်ဟု မျှော်မှန်းထားကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးကပြောသည်။

မြန်မာနိုင်ငံ အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၏ အောက်တိုဘာလအတွင်း သွားရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်ခရီးစဉ်တွင် ဒုက္ခသည် ပြန်လက်ခံရေး   နှစ်နိုင်ငံ သဘောတူညီချက်မူကြမ်းကို မြန်မာဘက်သို့ပေးအပ်ခဲ့သည်။ 

အဆိုပါမူကြမ်းကို မြန်မာနို်င်ငံဘက်မှ ပြန်လည်ပြင်ဆင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားကြောင်းလည်း ဦးဇော်ဌေးကဆိုသည်။

" ဘင်္ဂလားဒေ့ရှ်ဘက်ကမှုကြမ်းပို့တယ်။ ကျွန်တော်တို့ ဘက်ကပြန်ပြင်ပြီးတော့ပို့တယ်။ အဲ့ဒီ့ပို့ထားတဲ့အပေါ်မှာ ဘင်္ဂလားဒေ့ရှ်ကပြန်ပြီးတော့ သုံးသပ်နေတယ်လို့သိရတယ်။ အဲ့တာကို လာမယ့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံလာဖို့ဖိတ်ထားတယ်။ ၁၆ ရက်နေ့ ခရီးစဉ်မှာ ဒီသဘောတူညီချက်ကို နောက်ဆုံးအနေနဲ့ဆွေးနွေးပြီးလက်မှတ်ထိုးနိုင်တဲ့အဆင့် မျှော်မှန်းထားတယ်" ဟု ၄င်းကပြောသည်။

ထို့အပြင် ဘင်္ဂလားဒေ့ရှ် ဘက်သို့ရောက်နေသည့် ဟိန္ဒူဘာသာဝင်များကို ပထမဆုံးအနေ ခေါ်ယူနိုင်ရန်လည်းရည်မှန်ထားကြောင်း အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးဇော်ဌေးကပြောသည်။

မြန်မာနိုင်ငံအစိုးရအနေဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးတိန်းရှောင်နေသူများကို ၁၉၉၃ ခုနှစ် နှစ်နိုင်ငံသဘောတူညီချက်များအရသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နို်င်ငံတကာသို့ ထုတ်ပြန်ထားသည်။

ထို့အပြင် ရခိုင်မြောက်ပိုင်းတွင် အာဆာအကြမ်းဖက်အဖွဲ့၏ လုပ်ဆောင်မှုများကြောင့် ဘင်္ဂါလီနှင့် ဟိန္ဒူစုစုပေါင်း ၅ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးကြကြောင်း နိုင်ငံတကာ သတင်းများတွင်ဖော်ပြကြသည်။

မြန်မာအစိုးရဘက်ကမှု စရင်းများအရ တစ်ဖက်နိုင်ငံသို့ထွက်ပြေးသည့် ဒုက္ခသည်ဦးရေမည်မျှရှိသည်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ စီစစ်လုပ်ဆောင်နေကြာင်းသာထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါ ထွက်ပြေး ဒုက္ခသည်များကိုလက်ခံရန်အတွက် ယာယီဒုက္ခသည်စခန်း ၃ ခုကို ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဆောက်လုပ်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly