Singles Day စျေးရောင်းပွဲတော်၌ နှစ်နာရီအတွင်း စံချိန်တင်ဒေါ်လာ ၁၁.၉ ဘီလျံခန့်ရောင်းချနိုင်ခဲ့သည့် အလီဘာဘာ

Singles Day စျေးရောင်းပွဲတော်၌ နှစ်နာရီအတွင်း စံချိန်တင်ဒေါ်လာ ၁၁.၉ ဘီလျံခန့်ရောင်းချနိုင်ခဲ့သည့် အလီဘာဘာ

ဘေဂျင်း၊ နို၀င်ဘာ ၁၂ ။             ။ နာမည်ကြီးအွန်လိုင်းစျေးဝယ်ဝက်ဘ်ဆိုက်ဖြစ်သည့် အလီဘာဘာသည် တရုတ်နိုင်ငံ၏ ကြီးကျယ်ခမ်းနားသော အွန်လိုင်းစျေးရောင်းပွဲတော်ဖြစ်သည့် Singles Day ၌ နှစ်နာရီအတွင်း အမေရိကန်ဒေါ်လာ ၁၁.၉ ဘီလျံခန့် စံချိန်တင်ရောင်းချနိုင်ခဲ့ကြောင်း ယင်းကုမ္ပဏီက စနေနေ့၌ ကြေညာခဲ့သည်။

ညလယ်ခေါင်မှစတင်ရောင်းချသည့် ၂၄ နာရီကြာ အွန်လိုင်းစျေးရောင်းပွဲတော်၌ ရောင်းချနိုင်ခဲ့သည့် ယခုနှစ် စျေးရောင်းမှတ်တမ်းသည် ယခင်နှစ်များကတင်ရှိခဲ့သည့် စံချိန်များကို ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။

စျေးရောင်းပွဲတော်စတင်ဖွင့်လှစ်ပြီးနောက် နှစ်နာရီခန့်အတွင်း စုစုပေါင်း ရ၈.၈ ဘီလျံယွမ် (ဒေါ်လာ ၁၁.၉ ဘီလျံ) ခန့် ရောင်းချနိုင်ခဲ့ကြောင်း အလီဘာဘာကုမ္ပဏီက ၄င်းတို့၏ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ဒါ့အပြင် ၀ယ်လိုအားအမြင့်ဆုံးရောက်ရှိခဲ့သည့်အချိန်တွင် အဝယ်အော်ဒါပေါင်း တစ်မိနစ်လျှင် ၃၂၅၀၀၀ ခန့် အထိ ရောက်ရှိခဲ့ကြောင်း ယင်းကုမ္ပဏီက ဖြည့်စွက်ဖော်ပြခဲ့သည်။

ပြီးခဲ့သောနှစ်က အလီဘာဘာ၏ ၂၄နာရီကြာရောင်းချရမှုမှတ်တမ်းမှာ ယခုလက်ရှိ ငွေလဲလှယ်နှုန်းနှင့်ဆိုလျှင် ၁၂၀.၇၅ ဘီလျံယွမ် ( အမေရိကန်ဒေါ်လာ ၁၈.၂၄ ဘီလျံ) အထိ ရရှိခဲ့သည်။

Singles Day သို့မဟုတ် Dobule 11 ဟုခေါ်ဆိုသော အဆိုပါအွန်လိုင်းစျေးရောင်းပွဲတော်ကို နှစ်တစ်နှစ်၏ ဆယ့်တစ်လမြောက်ဖြစ်သော နို၀င်ဘာလ၏ ၁၁ ရက်မြောက်နေ့ (နိုဝင်ဘာ ၁၁) တွင် ကျင်းပလေ့ရှိပြီး တရုတ်နိုင်ငံ၏ ကျော်ကြားသောစျေးရောင်းပွဲတော်တစ်ခုဖြစ်ကာ ကမ္ဘာပေါ်တွင် အွန်လိုင်းပေါ်မှ အများဆုံး စျေးရောင်းချနိုင်သည့် စံချိန်ကိုရရှိထားသော စျေးရောင်းပွဲတော်တစ်ခုဖြစ်သည်။

အနောက်နိုင်ငံများမှ နာမည်ကျော်စျေးရောင်းပွဲတော်နေ့များဖြစ်ကြသော Black Friday နှင့် Cyber Monday တို့နှစ်ခုပေါင်းထက် ယင်း Singles Day စျေးရောင်းပွဲတော်က ၂.၅ ကြိမ်ခန့် ပိုမိုရောင်းချနိုင်ကြောင်း မှတ်တမ်း များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly