၀က်သားဇီးဖြူသီးအိုးကြီးနှပ်ချက်

၀က်သားဇီးဖြူသီးအိုးကြီးနှပ်ချက်

 

မင်္ဂလာပါ

ဒီတပတ်ပိတ်ရက်မှာတော့ ၀က်သားဇီးဖြူသီးအိုးကြီးနှပ်ချက် ဖြစ်ပါတယ်။ ၀က်သားကိုလည်း ကြိုက်၊ အီနောက်နောက်ကြီးဖြစ်မှာ ကြောက်သူတွေအတွက် အညာအလှူချက် ၀က်သားဇီးဖြူသီးအိုးကြီးနှပ်က ထမင်းမြိန်စေမှာပါ။

ဟင်းချက်ဖို့အတွက်ကတော့

၀က်ပေါင်သား ၅၀ သား( အတုံးကြီးကြီးတုံးပြီး ဆား နဲ့နနွင်းနယ်ထားပါ)

ဇီဖြူသီး အလုံးကြီးကြီး ၅လုံး

ခရမ်းချဉ်သီး ၂လုံး အနည်းငယ်

ကြက်သွန်နီ  အနည်းငယ်

ကြက်သွန်ဖြူ အနည်းငယ် နဲ့

ငရုတ်သီးအမှည့်တောင့် အခြောက် အနည်းငယ် လိုအပ်ပါတယ်။

၀က်သားနှပ်ထားတာကို အိုးထဲထည့် ပြီး ကြက်သွန်ဖြူနီထောင်းကိုလည်း ထည့်ပါ။ ငရုတ်သီးခြောက်ကို အစပ်စားနိုင်သလောက် လေးစိတ်ကွဲ ထောင်းထည့်ပါ။ ခရမ်းချဉ်သီး လှီးထည့်ပါ။ ဇီးဖြူသီးကို အလုံးလိုက် ထည့်ပါ။ ပြီးရင်တော့ ဆီအနည်းငယ်ထည့် ပြီး လုံးချက် ချက်ပါ။

အသားအညှီနံ့ပျောက်ပြီး ဆီအနည်းငယ်ထွက်လာရင်တော့  အသားမြုပ်အောင်ရေထည့်ပြီး မီးအေးအေးနဲ့တည်ပါ။

ဇီးဖြူသီးလေးတွေ နူးလာရင် အနှစ်ရအောင်ချေပေးပါ။  အရသာလိုတာထည့်ပါ။ ၀က်သားကို မီးအေးအေးနဲ့ နူးအိနေအောင် တည်ပါ။

 

ဆီပြန်ရေခမ်းပြီး ၀က်သားနူးအိလာရင်တော့ ၀က်သားဇီးဖြူသီးအိုးကြီးနှပ် ရပါပြီ။ ဇီးဖြူသီးရဲ့ ချဉ်ဖြံုးဖြံုး အရသာလေးက ၀က်သားထဲ စိမ့်ဝင်နေတော့ စားရင်းနဲ့ဆွေမျိုးမေ့လောက်ပါတယ်။

အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly