ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ပေးမလဲ

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ပေးမလဲ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ရာသီအကူးအပြောင်းမှာ ကလေးတွေရဲ့ကိုယ်ခံအားကိုဘယ်လိုမြှင့်တင်ပေးမလဲ

အအေးမိခြင်းနဲ့တုပ်ကွေးတို့လို ကူးစက်နိုင်တဲ့ရောဂါတွေဟာ ကူးစက်ပြန့်ပွားနိုင်စွမ်းမြင့်မားပြီး ကြိုတင်ကာကွယ်တာက အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဝေဒနာတွေဖြစ်နေကျ ဖြစ်တဲ့ရာသီမှာ နာမကျန်းဖြစ်ခဲ့ရင်တောင် ရောဂါရဲ့ပြင်းထန်မှုအဆင့်နဲ့ တာရှည်မှုကာလတို့က ကိုယ်ခံအားစနစ်ရဲ့ကြံ့ခိုင်မှု၊ ဗိုင်းရပ်စ်ကိုခန္ဓာကိုယ်ရဲ့တိုက်ထုတ်နိုင်စွမ်းပေါ်မှာ အများကြီးမူတည်နေပါတယ်။

အအေးမိ၊ တုပ်ကွေးဝေဒနာတွေဟာ ကလေးတွေရဲ့ဘဝမှာ ကြံုရနေကျဖြစ်ပေမယ့် နေမကောင်းဖြစ်ရတဲ့ရက်တွေ နည်းသွားအောင် မိဘတွေကကြိုးစားပေးနိုင်တဲ့ ကိစ္စလည်းဖြစ်ပါတယ်။

ဒါဆို ကိုယ့်ကလေးကို သူနေ့စဉ်ထိတွေ့နေရတဲ့ရောဂါပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေရန်က ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်ရမလဲ။ ကလေးတွေဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေနဲ့တခြားပိုးတွေ နဲ့ဆက်တိုက် ရင်ဆိုင်ရင်းနဲ့မှ ကိုယ်ခံအားကို တဖြည်းဖြည်းကျင့်ယူကြတာဖြစ်ပါတယ်။(တစ်နှစ်မှာ အအေးမိရောဂါပိုး၊တုပ်ကွေးပိုး၊ ဒါမှမဟုတ် နားပိုးဝင်ခြင်း ၆ ကြိမ်မှ ၈ ကြိမ် ဖြစ်လေ့ရှိတာပုံမှန်ဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်တွေက ယူဆပါတယ်) ဒါပေမယ့် ကလေးရဲ့ကိုယ်ခံအားစနစ်ကို တိုးတက်စေမယ့် အချက်တချို့ကို အသုံးချနိုင်ပါတယ်။

(၁) အသီးအနှံနဲ့ ဟင်းသီးဟင်းရွက် များများကျွေးပါ- မုန်လာဥနီ၊ ဘိုစားပဲ၊လိမ္မော်သီး၊ စတော်ဘယ်ရီ တို့က ဗီတာမင် C နဲ့ ကာရိုတီးနွိုက်တို့လို ကိုယ်ခံအားမြှင့်တင်ပေးတဲ့ phytonutrients ဓာတ်တွေပါဝင်ပါတယ်။ phytonutrients တွေဟာ ခန္ဓာကိုယ်ရဲ့ရောဂါတိုက်ဖျက်နိုင်တဲ့သွေးဖြူဥတွေနဲ့ပဋိပစ္စည်းတွေထွက်ရှိမှုကို တိုးစေနိုင်ပါတယ်။ စားပေးသင့်တဲ့တခြားအစားအစာတွေကတော့ မှို၊ ဗီတာမင် D နဲ့ ဒိန်ချဉ်တို့ ဖြစ်ပါတယ်။

(၂) ကလေးတွေရဲ့အိပ်ချိန်ကိုတိုးပါ – အိပ်ရေးပျက်ခြင်းက အဏုဇီဝပိုးမွှားတွေနဲ့ကင်ဆာဆဲလ်တွေကို တိုက်ထုတ်နိုင်တဲ့ ခန္ဓာကိုယ်ရဲ့သဘာဝခုခံမှုဆဲလ်တွေ၊ကို်ယ်ခံအားတုံ့ပြန်နိုင်စွမ်းတွေ ကျဆင်းစေပြီး နာမကျန်းဖြစ်လွယ်စေပါတယ်။ မွေးကင်းစကလေးတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန်၁၈ နာရီအထိ ရှိဖို့လိုအပ်ပြီး တစ်နှစ်အထက်ကလေးတွေက ၁၂ နာရီကနေ ၁၃ နာရီအထိ လိုအပ်ပါတယ်။ မူကြိုအရွယ်ကလေးတွေကတော့ ၁၀ နာရီလောက်ပဲအိပ်ချိန်ရှိဖို့လိုပါတယ်။ ကလေးက နေ့ဘက် တရေးအိပ်တာနည်းတယ်ဆိုရင် ညကျ စောစောသိပ်သင့်ပါတယ်။

(၃) မိသားစုလိုက် လေ့ကျင့်ခန်းလုပ်ပါ – ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ပေးတာက သဘာဝခုခံအား ဆဲလ်တွေရဲ့အရေအတွက်ကိုတိုးစေတယ်လို့ သုတေသနတွေက ဖော်ပြပါတယ်။ ကလေးကို တစ်သက်တာကျန်းမာကြံ့ခိုင်စေတဲ့အမူအကျင့်ရရှိစေဖို့ မိဘက ရှေ့ဆောင်လမ်းပြကောင်း ဖြစ်နေရပါမယ်။ကလေးတွေကိုအပြင်ထွက်ကစားခိုင်းတာထက် သူတို့နဲ့အတူလှုပ်ရှားပေးပါ။ စက်ဘီးစီးတာ၊ အပျော်ခြေလျင်ခရီးထွက်တာ၊ ဘက်စကက်ဘောနဲ့တင်းနစ်ကစားတာတွေအပါအဝင် မိသားစုလိုက်ကစားနည်းတွေ၊လှုပ်ရှားမှုတွေ ဖန်တီးပေးပါ။

(၄) ရောဂါပိုးမွှားတွေကူးစက်ပြန့်ပွားမှုကို ကာကွယ်ပေးပါ- ရောဂါပိုးမွှားတွေကိုရှင်းလင်းဖယ်ရှားပေးတာက ကိုယ်ခံအားကိုမတိုးမြှင့်နိုင်ပေမယ့် ကလေးရဲ့ကိုယ်ခံစွမ်းအားအပေါ် ဖိစီးမှုကိုလျှော့ချပေးတဲ့ နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ကလေးရဲ့လက်ကို (ဆပ်ပြာနဲ့)မကြာခဏဆေးကြောစေပါ ။ ကလေးတွေအပြင်ထွက်ကစားပြီး၊ အိမ်မွေးတိရစ္ဆာန်တွေကိုကိုင်တွယ်ထိတွေ့ပြီး၊နှပ်ချေးညှစ်ပြီး၊ သန့်စင်ခန်းသွားပြီး၊ ကျောင်းကနေအိမ်ပြန်လာပြီးနောက်ပိုင်း အစာမစားမီနဲ့အစာစားပြီးချိန် သူတို့ရဲ့ တကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးသင့်ပါတယ်။ ကလေးတွေကို အိမ်မှာလက်ဆေးတဲ့အကျင့်ရရှိစေဖို့ အရောင်တောက် လှပတဲ့လက်သုတ်ပဝါတွေ၊ ပုံစံစုံ၊အရောင်စုံအနံ့စုံနဲ့ ဆပ်ပြာလေးတွေထားရှိပေးပြီး ရွေးသုံးစေတာမျိုးနဲ့ဆွဲဆောင်နိုင်ပါတယ်။

(၅) ကလေးအနားမှာ ဆေးလိပ်မသောက်ပါနဲ့ – အဖေ သို့မဟုတ် အမေက ဆေးလိပ်သောက်တတ်တယ် ဆိုရင် ဆေးလိပ်ဖြတ်လိုက်ပါ။ စီးကရက်မှာ အဆိပ်ဓာတ် ၄၀၀၀ ကျော်ပါဝင်ပြီး အများစုက ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ထိခိုက်စေ၊ သေစေနိုင်ပါတယ်။ ကလေးတွေဟာ အသက်ရှူနှုန်းပိုမြန်ပြီး အဆိပ်အတောက်ဖယ်ရှားသန့်စင်မှုစနစ်ကသိပ်မဖွံ့ဖြိုးသေးတာကြောင့် လူကြီးတွေထက် ပိုပြီး ထိခိုက်လွယ်ပါတယ်။ ဆေးလိပ်ငွေ့ရှူရှိုက်ရခြင်းက ကလေးမှာ ရုတ်တရက်သေဆုံးမှု SIDS အန္တရာယ်၊ လေပြွန်ရောင်ရမ်းခြင်း၊နားပိုးဝင်ခြင်း၊ ပန်းနာရင်ကြပ် တို့ဖြစ်နိုင်ခြေပိုများစေပါတယ်။တကယ်လို့ ဆေးလိပ်မဖြတ်နိုင်သေးရင်လည်း ကလေးမှာအန္တရာယ်မဖြစ်ရအောင် အိမ်ပြင်ထွက်သောက်တာမျိုးကို ကြိုးစားကြည့်သင့်ပါတယ်။

(၆) အာဟာရနဲ့အားဖြည့်အစာ – ကိုယ်ခံအားကို ကျန်းမာအားကောင်းစေဖို့အတွက် အာဟာရပြည့်ဝဖို့ လိုပါတယ်။ အရေးပါတဲ့အာဟာရဓာတ်တွေမရှိတဲ့အခါ ဘက်တီးရီးယားနဲ့ဗိုင်းရပ်စ်တွေ ခြေကုပ်ရယူဖို့ ပိုလွယ်စေတာကြောင့် နာတာရှည်ကိုယ်ခံအားပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly