အဲကွန်းမဖွင့်ယာဉ်များနှင့် ကျောချင်းကပ်တင်သည့် မီနီဘတ်ယာဉ်များအား ထိရောက်စွာ အရေးယူမည်

အဲကွန်းမဖွင့်ယာဉ်များနှင့် ကျောချင်းကပ်တင်သည့် မီနီဘတ်ယာဉ်များအား ထိရောက်စွာ အရေးယူမည်

 

ရန်ကုန်၊ နိုဝင်ဘာလ ၁၁ ။                 ။ ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များအနက် အဲကွန်းမဖွင့်သောယာဉ်များနှင့် ခရီးသည်များအား ကျောချင်းကပ်တင်သည့် မီနီဘတ်စ်ယာဉ်များကို ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အများပိုင်သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)မှ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က မဇ္စျိမသို့ ပြောသည်။

“ အခုဆိုရင် ပူလာတယ်။ တချို့ကားတွေက အဲကွန်းမဖွင့်ဘူး။ အဲ့ဒီလို့ အဲကွန်းမဖွင့်တဲ့ကားတို့၊ နောက်ပြီး အအေးဓာတ် အလုံအလောက်မပေးနိုင်တဲ့ ကားတွေဆိုရင် အဲ့ဒီကားမျိုးကို အရေးယူမှာ။ နောက်တစ်ခုက ဆရာတို့ ဘာလုပ်ထားလဲဆိုရင် ငွေထည့်တဲ့ ပုံးတွေပါရက်သားနဲ့ စပယ်ယာတင်တဲ့ကားတွေ ငွေပုံးကို ဖုံးထားပြီးတော့ စပယ်ယာက ကောက်ပြီးတော့ ထည့်တာတို့ ဆရာတို့ အဲ့ဒါကို လုံးဝခွင့်မပြုဘူး။ အဲ့ဒီကား တွေလည်း အရေးယူမှာ”ဟု ဒေါက်တာမောင်အောင်က ပြောသည်။

ပြေးဆွဲနေသော YBS ယာဉ်များအနက် အဲကွန်းမဖွင့်သော ယာဉ်များ၊ အအေးဓာတ်အလုံအလောက်မပေးနိုင် သော ယာဉ်များ၊ ယာဉ်စီးခ ကောက်ခံသည့် ပုံးများပါရှိပြီး စပယ်ယာမှ ယာဉ်စီးခ ကောက်ခံသော ယာဉ်များနှင့် ခရီးသည်များကို တစ်တန်းတည်း မတင်ဘဲ ကျောချင်းကပ်တင်သည့် မီနီဘတ်ယာဉ်များအား နိုဝင်ဘာလ ရ ရက်နေ့ပြုလုပ်သည့် YRTA အစည်းအဝေး ဆုံးဖြတ်ချက်အရ ထိရောက်စွာ စစ်ဆေးအရေးယူသွားမည်ဖြစ် ကြောင်း သိရသည်။

ဆက်လက်ပြီး ဒေါက်တာမောင်အောင်က “နောက်တစ်ခုက မီနီဘတ်မှာ ဘာလုပ်လဲဆိုတော့ မီနီဘတ်က တအားကျဉ်းတော့ကွာ။ ကျောချင်းကပ်တင်တာကို ဆရာတို့က လုံးဝခွင့်မပြုဘူး။ အလယ်မှာ ရင်ဘောင်တန်း ပြီးတော့ တစ်တန်းတည်း တင်ရမယ်။ ကျောချင်းကပ်တင်တာတွေ့ရင်တော့ ဆရာတို့ကို တိုင်၊ ဆရာတို့က အဲ့ဒီ ကားကို ထိထိရောက်ရောက်အရေးယူမယ်။ ဆရာတို့က အဲ့ဒီစည်းကမ်းတွေထုတ်ထားတယ်။ ဆရာတို့ အခု လိုက်ပြီးတော့လည်း စစ်မှာ။ စစ်လို့တွေ့တာနဲ့ ဆရာတို့က ချက်ချင်းအရေးယူမှာ”ဟု ပြောသည်။

ထို့ပြင် YRTA မှ ချမှတ်ထားသည့် စည်းကမ်းဖောက်ဖျက်သည့် ယာဉ်များကိုလည်း တစ်စီးချင်း အရေးယူသွား မည့်အပြင် ယာဉ်လိုင်းကုမ္ပဏီအတွင်း စည်းကမ်းဖောက်ဖျက်သည့်ယာဉ် များလာပါက ယာဉ်လိုင်းကုမ္ပဏီပါ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

YRTA အဖွဲ့မှ နိုဝင်ဘာ ၈ရက်နေ့ ညပိုင်းအစည်းအဝေးတွင်လည်း ခေတ်သစ်ငြိမ်းချမ်းရေးကုမ္ပဏီအား စည်းကမ်းဖောက်ဖျက်မှုကြောင့် ပြေးဆွဲခွင့် ဖျက်သိမ်းခဲ့ပြီး မြို့တွင်းချိတ်ဆက်ယာဉ်လိုင်းနှင့် မြို့ပြင်ယာဉ် လိုင်း ၅ လိုင်းအား အခြားကုမ္ပဏီ ၃ ခုသို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု အာဏာပိုင်အဖွဲ့ (YRTA)က လွှဲပြောင်းပေးအပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly