ဘာကာယိုကိုထက် ရူဘင် လော့ဖ်တပ်ချိခ်က ပိုကောင်းသည်ဟု အီရန်ရိုက်သုံးသပ်

ဘာကာယိုကိုထက် ရူဘင် လော့ဖ်တပ်ချိခ်က ပိုကောင်းသည်ဟု အီရန်ရိုက်သုံးသပ်

 

နိုဝင်ဘာ ၁၁၊ လန်ဒန်။           ။ ရူဘင် လော့ဖ်တပ်ချိခ်သည် ဘာကာယိုကိုထက်ပိုကောင်းပြီး ချယ်လ်ဆီးအသင်းမှအငှားဖြင့် ဘယ်တော့မှ ထွက်မကစားသင့်ဟု အီရန်ရိုက်ကပြောသည်။

လော့ဖ်တပ်ချိခ်သည် ဂျာမနီနှင့် ဂိုးမရှိသရေကျသည့် ခြေစမ်းပွဲတွင် အင်္ဂလန်အသင်းအတွက် လက်ရွေးစင်ပွဲဦးထွက်အဖြစ် ကစားခွင့်ရခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့သည်။

ချယ်လ်ဆီးအသင်းသည် နွေရာသီတွင် ဘာကာယိုကို ကို မိုနာကိုအသင်းထံမှပေါင်သန်း ၄၀ ဖြင့်ခေါ်ယူပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ်ရာသီအစတွင် အသက် ၂၁ နှစ်အရွယ် လော့ဖ်တပ်ချိခ်ကို ခရစ္စတယ်ပဲလေ့စ်သို့ အငှားချခဲ့သည်။

သို့သော် လော့ဖ်တပ်ချိခ်၏အရည်အသွေးကြောင့် ယင်းသို့ပြုလုပ်ခြင်းမှာမှားယွင်းသည်ဟု ဘီဘီစီတွင်အားကစားသုံးသပ်သူ အဖြစ်ဆောင်ရွက်နေသည့် အင်္ဂလန်နှင့်အာဆင်နယ်ကစားသမားဟောင်း အီရန်ရိုက်ကပြောသည်။

“ဘာကာယိုကိုရဲ့ကစားပုံကို မန်ချက်စတာယူနိုက်တက်နဲ့ပွဲတုန်းကကြည့်လိုက်ရတာ သူဘာမှလုပ်မပြနိုင်တာမတွေ့ဘူး။ ဒါကြောင့် လော့ဖ်တပ်ချိခ်ကပိုကောင်းတယ်လို့ ကျွန်တော်ထင်ရတာပါ။

ကျွန်တော် ချယ်လ်ဆီးကိုထိတာမဟုတ်ပါဘူး။ ချယ်လ်ဆီးအသင်းအနေနဲ့ သူတို့ဘာပဲလိုလိုဖြည့်ဆည်းနိုင်တဲ့အသင်းပါ။ ဒါပေမဲ့ ဒီကောင်လေးကိုတော့ အခွင့်အရေးပေးသင့်တာ အမှန်ပါ။ ကျွန်တော့်အတွက်တော့ သူက ဘာကာယိုကိုထက်ပိုကောင်းပါတယ်” ဟု အီရန်ရိုက်က အိုင်တီဗီစပို့သို့ပြောသည်။

ဂျာမနီနှင့်ခြေစမ်းပွဲတွင် အကောင်းဆုံးကစားသမားဆုရရှိခဲ့သည့် လော့ဖ်တပ်ချိခ် ရှန်ပိန်ပုလင်းကိုင်ထားသည့်ပုံကိုလည်း အင်္ဂလန်အသင်း၏တွစ်တာတွင်တင်ပြီးဂုဏ်ပြုထားသည်။

ပွဲအပြီးတွင် လော့ဖ်တပ်ချိခ်က ဂျာမနီနှင့်ကစားသည့် မိနစ် ၉၀ အတွင်း မည်သို့သင်ယူခွင့်ရခဲ့ကြောင်းနှင့် လာမည့်နှစ် ရုရှကမ္ဘာ့ ဖလားပြိုင်ပွဲတွင်ပါဝင်ခွင့်ရချင်သည့် အိပ်မက်အကြောင်းကို ထုတ်ပြောခဲ့သည်။

“နိုင်ရင်တော့ပိုကောင်းတာပေါ့။ ဒါပေမဲ့အခုရလဒ်ကိုလည်း ကျေနပ်ပါတယ်။ တကယ့်ကိုနည်းစနစ်ချင်းအားပြိုင်တဲ့ပွဲဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လိုလူငယ်ကစားသမားတွေအတွက် သိပ်ကောင်းပြီး အများကြီးလည်းသင်ယူခွင့်ရခဲ့တယ်။

ကမ္ဘာ့ဖလားကိုသွားဖို့ကတော့ တစ်ရာသီလုံးကျန်သေးပြီး ဒီထက်ခြေစွမ်းတိုးတက်ဖို့လိုပါသေးတယ်။ ကျွန်တော်ဆက်ပြီး သင်ယူ နေဦးမှာပါ။ ပိုကောင်းလာရင်တော့ လေယာဉ်ပေါ်လိုက်ပါခွင့်တစ်နေရာရဖို့ မျှော်လင့်ပါတယ်”ဟု လော့ဖ်တပ်ချိခ်ကဆိုသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly