အိန္ဒိယ-မြန်မာအကြား ကုန်သွယ်မှု ယခုထက် ပိုကောင်းလာမည်

အိန္ဒိယ-မြန်မာအကြား ကုန်သွယ်မှု ယခုထက် ပိုကောင်းလာမည်

 

နိုဝင်ဘာ ၁၁ ။          ။ အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်မှုဟာ ယခုဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၂ ဘီလီယံထိ ရှိနေပြီ ဆိုပေမယ့်လည်း လာမယ့် နှစ်နှစ်၊ သုံးနှစ်အရောက်မှာတော့ ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ ၅ ဘီလီယံ ထိ ရောက်ရှိသွားနိုင်ကြောင်း  မြန်မာနိုင်ငံ မဟာဗျူဟာ နှင့် နိုင်ငံတကာလေ့လာရေးဌာန (MISIS) အဆင့်မြင့်အကြံပေးပုဂ္ဂိုလ် ဦးခင်မောင်ညိုက   ပြောကြားလိုက်ပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ မြန်မာနဲ့ တရုတ်တို့အကြား ကုန်သွယ်မှုဟာ တစ်နှစ်ကို ကန်ဒေါ်လာ ၁၀ ဘီလီယံနီးပါးထိ ရှိနေကြောင်း ၎င်းက "India-Myanmar Relations: Way Forward" ကွန်ဖရင့်ကို တက်ရောက်လာစဉ် ပြောကြားသွားပါတယ်။

" အိန္ဒိယဆီကို တင်ပို့တဲ့ မြန်မာ့ပို့ကုန် ၈၀ ရာခိုင်နှုန်းက ပဲအမျိုးမျိုးပို့ကုန်တွေပါ၊ နှစ်နိုင်ငံအကြား ကုန်သွယ်နေတဲ့ ပို့ကုန်အမျိုးအမယ်တွေကို ဒီထက်ပိုစုံစုံလင်လင်နဲ့ ချဲ့ထွင်ပို့ဆောင်နိုင်ဖို့ လိုအပ်ပါတယ်" ဆိုပြီး  ဦးခင်မောင်ညိုက ပြောပါတယ်။

အိန္ဒိယဟာ မြန်မာနိုင်ငံအတွက် ကိုးဦးမြောက် အကြီးဆုံးနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုှပ်နှံသူလည်းဖြစ်ကာ မြန်မာနိုင်ငံက FDI ရဲ့ ၁ ဒသမ ၃၆ ရာခိုင်နှုန်းသာ ရှိနေလျက်ရှိပါတယ်။

" ဒါပေမယ့် ကျွန်တော်နားလည်ထားတာကလေ အိန္ဒိယက ရင်းနှီးမြုှပ်နှံသူလုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံရဲ့အနေအထားကို ခုချိန်မှာ သေသေချာချာ လေ့လာနေကြပါတယ်၊ သူတို့တွေအနေနဲ့ ဒီချိန်မှာ ကျွန်တော်တို့ရဲ့ ပြည်တွင်းစျေးကွက်အရွယ်အစားကိုပဲ ကြည့်ပြီး မသုံးသင့်ပါဘူး၊  ပိုမိုကြီးမားတဲ့ ဒေသတွင်းစျေးကွက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်တဲ့ နှုန်းထားတွေနဲ့အတူ ထုတ်လုပ်နိုင်စွမ်း အလားအလာတွေကိုပါ ထည့်တွက်စဉ်းစားသင့်ပါတယ်၊ တကယ်ဆိုရင်လည်း ကျွန်တော်တို့ နှစ်နိုင်ငံစလုံးဟာ အရမ်းကြီးမားတဲ့ အရင်းအမြစ်တွေ ရှိထားပါတယ်" ဆိုပြီး ၎င်းက ပြောပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ သုတေသနနဲ့ သတင်းအချက်အလက်စနစ်များ ဌာန ညွှန်ကြားရေးမှူးချုပ် Sachin Chaturvedi ကလည်း မြန်မာနိုင်ငံကို အိန္ဒိယဘက်က ကူညီပေးနေတဲ့ Capacity building အပိုင်းနဲ့ပတ်သက်လို့အလေးပေး ပြောကြားသွားပါတယ်။

ရေရှည်ဖွံ့ဖြိုးရေးရည်မှန်းချက်ပန်းတိုင်များ SDG များကို အကောင်ထည်ဖော်ရာမှာ မြန်မာလိုမျိုး အိမ်နီးချင်းနိုင်ငံတွေကို အိန္ဒိယဘက်က ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ၎င်းက ပြောသွားပါတယ်။ ယင်း အတွက်လည်း နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကလည်း အရေးကြီးလှတယ်လို့လည်း ဆိုပါတယ်။

နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်လာပါက ကုန်သွယ်မှုကလည်း လိုက်ပါ တိုးတက်လာမှာဖြစ်ကြောင်း ၎င်းက ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly