စပ်ဆေးနှင့် မှတ်ပုံမတင်ထားသောဆေးများပါရှိသော တိုင်းရင်းဆေးအချို့မှာ ဘေးထွက်ဆိုးကျိုးရှိနေ

စပ်ဆေးနှင့် မှတ်ပုံမတင်ထားသောဆေးများပါရှိသော တိုင်းရင်းဆေးအချို့မှာ ဘေးထွက်ဆိုးကျိုးရှိနေ

ရန်ကုန်၊နိုဝင်ဘာ၁၀ ။             ။ တိုင်းရင်းဆေးဝါးများတွင် အနောက်တိုင်းဆေးနှင့် ပေါင်းစပ်ပြုလုပ်ထားသော စပ်ဆေးများနှင့် တရားဝင် မှတ်ပုံမတင်ထားသည့် ဆေးဝါးများ သုံးစွဲပါက ဘေးထွက်ဆိုးများ ဖြစ်စေနိုင်ကြောင်း တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

မဲခေါင်ဒေသတွင်း တိုင်းရင်းဆေးပြပွဲအတွက် အကြိုသတင်းစာရှင်းလင်းပွဲကို ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်၌ ကျင်းပခဲ့ပြီး အဆိုပါပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

"အနောက်တိုင်းဆေးရောတယ်ဆိုတာ အထူးသဖြင့်နိုင်ငံခြားကလာတဲ့ဆေးတွေကို သူတို့ဘာ သူတို့ ကြိတ်ပြီး ရောတာလေ။ အထူးသဖြင့် တိုင်းရင်းဆေးလို့ အမည်ခံထားတဲ့ အကိုက်အခဲပျောက်ဆေးတွေမှာ သွားတွေ့ရပါတယ်။ ခဏတော့ တစ်ချက်တည်း ယူပစ်သလို ပျောက်တယ်။ ဒါပေမယ့် Side Effect (ဘေးထွက်ဆိုးကျိုး)ကတော့ အများကြီးပါပဲ"ဟု တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောသည်။

အဆိုပါ တရားမဝင်ဆေးများတွင် ပါ၀င်သော အနောက်တိုင်းဆေးဝါးအရောအနှောများကြောင့် ကျောက်ကပ် ပျက်စီးခြင်းကို အဓိကတွေ့ရှိရနိုင်ပြီး တခြားသော ဆိုးကျိုးများစွာရှိနေကြောင်း သိရသည်။

"မှတ်ပုံတင်ထားတဲ့ဆေးတွေကို သုံးစေချင်ပါတယ် ပြီးတော့ အခါအားလျော်စွာ စစ်ဆေးပြီးတော့ Post Market လုပ်ပြီး သတင်းစာထဲ ကြေညာပေးနေပါတယ်။ သတင်းစာထဲမှာပါပြီး ဆေးတွေကို အပြင်မှာဝယ်ယူမသုံးစွဲကြဖို့ ပြောချင်ပါတယ်"ဟု ဆေးဝါးနှင့်ဥယျာဉ်ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းက အကြံပြုသည်။

တိုင်းရင်းဆေးဝါးများကိုဝယ်ယူရာတွင် ဆေးအမှတ်တံဆိပ်၊ နာမည်၊ ပါဝင်ပစ္စည်း၊ သုံးစွဲနိုင်သည့်ရောဂါ၊ သုံးစွဲရန်ပမာဏ၊ မှတ်ပုံတင်နံပါတ်၊ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့် ပင်ရင်းဖြန့်ချိ သည့်နေရာတို့ကို ကြည့်ရှုဝယ်ယူရန်အတွက်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ တိုက်တွန်း ထားသည်။

၂၀၁၆-၂၀၁၇ခုနှစ် ဘဏ္ဍာနှစ်အတွင်း၌ တိုင်းရင်းဆေးဝါး (၄၄၂)မျိုးကို ကျန်မာရေးဝန်ကြီးဌာနမှ စစ်ဆေးစာရင်းပြုစုခဲ့ပြီး ၄င်းတို့ထဲမှ မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးနှင့် အနောက်တိုင်းဆေးများ ဖက်စပ်ပါဝင်နေသည့် ဆေးဝါးမှာ (၆၄)မျိုး တစ်နည်း ၁၄.၄၈ % ရှိနေသည်။

၁၉၉၆ ခုနှစ်၌ ပြဌာန်းထားသည့် မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးဥပဒေတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် ဆေးဝါးများအား ရောင်းချဖြန့်ဖြူးခြင်းမပြုရဟူ၍ ဖော်ပြတားမြစ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly