ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၁)

ဆီးချိုနှင့် ဟော်မုန်းရောဂါ (အပိုင်း ၁)

မေး။   ။ ရန်ကုန်ဆေးတက္ကသိုလ် (၂)က ဆရာဝန်ကြီးဖြစ်တဲ့ ပါမောက္ခဌာနမှူးဖြစ်တဲ့ ဆရာကြီး ဦးကိုကို ကို ဖိတ်ခေါ်ထားပါတယ်။ ဆီးချို၊ သွေးချိုလို့ ပြောတဲ့အခါမှာ ဘာကြောင့်ဖြစ်ရတာလဲ အစားအသောက်လား၊ အနေအထိုင်လား၊ ဒါမှမဟုတ်ရင် လူမှုပတ်ဝန်းကျင်နဲ့ ဘယ်လိုများ ပတ်သက်ပြီးတော့ ဆီးချို၊ သွေးချို ဖြစ်ရသလဲ ၊ ဆီးချို၊ သွေးချို ဆိုတာကရော ဘာကိုခေါ်တာလဲ ။

ဖြေ။    ။ ပထမဆုံး ကျွန်တော် ပြောပြချင်တာကတော့ ဆီးချိုနဲ့ သွေးချိုက အတူတူပါပဲ။ အဲဒီတော့ ဆီးချို၊ သွေးချို ဖြစ်ရတဲ့အကြောင်းက ၂ ချက်ရှိတယ်။ တစ်ချက်ကတော့ မျိုးရိုးလိုက်တာပေါ့။ မျိုးရိုးလိုက်တယ်ဆိုတာက အဖေအမေမှာ မျိုးရိုးရှိတယ်ဆိုရင် ကိုယ့်မှာဖြစ်ဖို့က များတယ်။ အဖိုးအဖွားတွေမှာရှိရင်လည်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်လေကျရင် အဖိုးအဖွားမှာဖြစ်တယ်၊ အဖေအမေမှာမဖြစ်ဘူး၊ ကိုယ့်မှာဖြစ်တာလဲ ရှိတယ်ပေါ့။ အဲဒါကြောင့် တစ်အချက်ကတော့ မျိုးရိုး လိုက်တာပေါ့နော်။ နောက်တစ်ချက်ကတော့ မျိုးရိုးလိုက်တဲ့လူတိုင်းလည်း ဆီးချိုက ဖြစ်မလာဘူး။ ဘာနဲ့ဆိုင်လဲဆိုတော့ သူ့ရဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ နေထိုင်စားသောက်မှုပုံစံနဲ့လည်း ဆိုင်တယ်။ အဲဒီနှစ်ချက်ကြောင့် အဓိက ဖြစ်တာပါ။

မေး။   ။ နေထိုင်မှုပုံစံရယ် အစားအသောက်ရယ်ဆိုတော့ ဘယ်လိုမျိုးအစားအသောက်တွေ စားသောက်တယ်ဆိုရင် ဆီးချို၊ သွေးချိုဖြစ်ဖို့ အားပေးသလဲ ဒါမှမဟုတ် ဘယ်လိုနေထိုင်မှုပုံသဏ္ဍာန် နေထိုင်တယ်ဆိုရင် ဆီးချို၊ သွေးချို ဖြစ်ဖို့ အားများသလဲခင်ဗျာ။

ဖြေ။    ။ အဓိကကတော့ အစားအသောက်ပေါ့။ အစားအသောက်မှာ ဆီးချိုဖြစ်တာကတော့ ချိုလွန်းတဲ့အစားအစာပေါ့နော်။ နောက်တစ်ချက်ကတော့ လူတစ်ယောက်က ကျန်းမာရေးနဲ့ ညီညွတ်ချင်ရင် တစ်နေ့ကို နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်ရတယ်ပေါ့။ နာရီဝက်ကို တစ်ပြိုင်တည်း မလုပ်နိုင်ရင် ၁၀ မိနစ်ဆီလောက် ခွဲလုပ်ပေါ့နော်။ အဲဒါကို တစ်ပတ်ကို ၅ ရက် လုပ်ရမယ်။ အဲဒါကို ပုံမှန်လုပ်နေရင် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတယ် အသက်ရှည်တယ် ကျန်းမာတယ် ဆီးချိုကိုလည်း ကာကွယ်နိုင်တယ်ဆိုပြီးတော့ သုတေသနစာတန်းတွေနဲ့ ကျွန်တေ်ာတို့က ပြောထားပြီးသားဖြစ်တယ်။ နောက်ပြီးတော့ ဆီးချို၊ သွေးချို မဖြစ်သေးတဲ့လူတွေ ရှိတယ်။ မျိုးရိုးတော့ရှိနေပြီ ဒါမှမဟုတ်ရင်လည်း ဆီးချို၊ သွေးချိုကို သိပ်ကြောက်တယ်ပေါ့နော်။ အဲဒီမှာ ကျွန်တော် ကာကွယ်တဲ့နည်းလမ်းလေးကို ရှင်းပြပါရစေ။ ဆီးချိုနဲ့ပတ်သက်ပြီးတော့ ကာကွယ်ချင်ရင် အချက် (၈) ချက် ရှိပါတယ်။ (၁) ကတော့ ချိုလွန်း၊ ငန်လွန်း၊ အဆီများသော အစားအသောက်တွေကို မစားသုံးပါနဲ့။ ဒါတွေက ဆီးချိုဖြစ်ဖို့ အရမ်းများပါတယ်။( ၂ )အချက်ကတော့ ပြောမယ်ဆိုရင်တော့ ရေဆာရင် ရေသောက်ပါ။ ရေဆာရင် အချိုရည်တွေ သောက်ခြင်းအားဖြင့် အာသာမဖြေပါနဲ့ပေါ့နော်။ အချိုရည် အများကြီးသောက်ရင်လည်း ဖြစ်ပါတယ်။ (၃) အချက်က လေ့ကျင့်ခန်း မှန်မှန်လုပ်ပေးပါ။ တစ်ပတ်ကို ၅ ရက် တစ်ရက်ကို နာရီဝက်လောက် လုပ်ပေးပါ။ နံပါတ် (၄) က ခန္ဓာကိုယ်ကို အဝမလွန်အောင် ထိန်းသိမ်းထားပါ။ နောက်တစ်ခုကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် သွက်လက်တက်ကြွတဲ့ လူနေမှုစတိုင်လ်ကို သွားရမယ်ပေါ့။ နောက်တစ်ခုကတော့ အဆီများလွန်းတဲ့ ပြည့်ဝဆီတွေကို ရှောင်ပါပေါ့။ ဒီအချက်တွေကို လုပ်ခြင်းအားဖြင့် ဆီးချိုသွေးချို ရောဂါကို ၅၈ ရာခိုင်နှုနး် ကာကွယ်နိုင်တယ်ဆိုပြီးတော့ သုတေသနစာတမ်းတွေက အတိအကျပြော ထားတာ ဖြစ်တဲ့အတွက်ကြောင့် ဆီးချိုမဖြစ်သေးတဲ့သူတွေက ဒီအချက်တွေကို လိုက်နာဖို့ လိုပါလိမ့် မယ်ခင်ဗျ။

မေး။   ။ ဆီးချိုသွေးချိုလို့ ပြောလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ဆီးချိုလို့ ခွဲမပြောဘူး ၊ သွေးချိုလို့ ခွဲမပြောဘူး။ ဆီးချိုသွေးချိုလို့ ပြောပြောနေတဲ့အခါကျတော့ ဘာကွာလဲ အတူတူပဲလား။

ဖြေ။    ။ ကျွန်တော်နည်းနည်းလေး ရှင်းပြပါရစေ။ တစ်ကတော့ ကျွန်တော်တို့ လူတစ်ယောက် ထမင်းစားလိုက်ရော ထမင်းစားလိုက်ရင် သွေးထဲမှာ သကြားဓာတ်က ထောင်တက်သွားတယ်။ အဲဒါက ၂၀၀ မကျော်ရဘူး။ အစားအသောက်စားပြီး ၂ နာရီအတွင်းမှာ ၂၀၀ အောက်ကို ပြန်ရောက် အောင် ခန္ဓာကိုယ်က လုပ်ဆောင်ပေးရတယ်။ ဘယ်ကလုပ်ဆောင်ပေးလဲဆိုတော့ ကျွန်တော်တို့ဆီမှာ မုန့်ချိုအိတ်ဆိုတာ ရှိတယ်။ အဲဒိီကနေ အင်စူလင်ဆိုတဲ့ ဟော်မုန်းထွက်လာတယ်။ အဲဒီ အင်စူလင်တွေ က သွေးထဲမှာတက်နေတဲ့ သကြားဓာတ်တွေကို နံပါတ်တစ် ဆဲလ်တွေထဲကို တွန်းပို့လိုက်တယ်။ ဆဲလ်တွေက တွန်းပို့လိုက်တော့ အဲဒီဆဲလ်တွေက အချိုဓာတ်ကို အာဟာရအနေနဲ့ ယူလိုက်တာပေါ့။ Energy အနေနဲ့ ယူပြီးတော့ သုံးပစ်လိုက်တယ်။ ပိုတာတွေအကုန်လုံးကို သူက အသည်းထဲကို တွန်းပို့လိုက်တယ်။ အသည်းမှာ သိမ်းထားတယ်ပေါ့။ ညကျတော့ ကျွန်တော်တို့ ဘာမှမစားတော့ဘူး။ ဘာမှမစားရင် အသည်းထဲက သကြားဓာတ်တွေက ပြန်ထွက်လာတယ်။ တစ်ညလုံး Energy ပေးတာ ပေါ့နော်။ ဒါက ပုံမှန်လူတစ်ယောက်မှာ ဖြစ်တာပေါ့။ ကျွန်တော်တို့က ၂၀၀ ကို ဘယ်တော့မှ မကျော်ရ ဘူး။ ၂၀၀ ကျော်သွားရင်တောင် ကျွန်တော်တို့က ကျောက်ကပ်ကနေ ဖြတ်ချပစ်လိုက်တယ်။ သွေးထဲ မှာ ပိုနေတဲ့ဟာတွေ အကုန်လုံးကို ဖြတ်ချလိုက်တယ်။ အဲဒီတော့ ဆီးချိုသမားတစ်ယောက်ဖြစ်ပြီဆို တာနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ မုန့််ချိုနဲ့ Function တွေက လုပ်ဆောင်မှုလည်း ပြတ်သား တယ်။ တကယ်တမ်းပြောရမယ်ဆိုရင်တော့ သွေးချိုပြီးမှ ဆီးချိုလာတာပါ့။ သို့သော်ငြားလည်း လူတွေ အများဆုံး သိနေတာက ဆီးချိုပေါ့နော်။ ကျွန်တော်ကတော့ ဆီးချိုနဲ့သွေးချို အတူတူပါပဲလို့ ဒီနေ့ ကနေစပြီးတော့ ဆီးချိုသွေးချိုလို့ပဲ သုံးကြပါတယ်။ တကယ်တမ်းဖြစ်ရမှာကတော့ သွေးချိုဆီးချိုပေါ့ နော်။ ကျွန်တော်ပြောချင်တာကတော့ အတူတူပါပဲ။

မေး။   ။ ခုနက ဆရာကြီးပြောသွားတဲ့အထဲမှာ အရမ်းချိုလွန်းတာ ငန်လွန်းတာ အဆီဓာတ် ပါလွန်းတာတွေ မစားရဘူး လေ့ကျင့်ခန်းဆိုရင်လည်း တစ်နေ့ကို အနည်းဆုံး နာရီဝက်လောက် လုပ်ရမယ်ဆိုတော့ ၊ တခြားနိုင်ငံတွေမှာတော့ အစားအသောက်နဲ့ ပတ်သက်ပြီးတော့ အလေ့အထ သိပ်ရှိတယ်လို့ မထင်ဘူး။ ဒီမှာကတော့ အစားအစာတိုင်းမှာကို အချိုမှုန့် ကြက်သားမှုန့် ပါနေတာပေါ့နော်။ ဒီဟာကရော ဆီးချိုသွေးချိုအတွက်ကို ဘယ်လောက်ထိ ဆိုးကျိုးပေးနိုင်လဲခင်ဗျ။

ဖြေ။    ။ ကျွန်တော်ပြောချင်တာကတော့ ဆီးချိုသွေးချိုက အမြဲတမ်း ဘယ်တော့မှ သူက တစ်ယောက်တည်းမလာဘူး။ နံပါတ်တစ် ဆီးချိုသွေးချိုနဲ့ သွေးနဲ့ရောတက်တယ်။ နောက်ပြီးတော့ ဆီးချိုသွေးချိုသမားတွေက နှလုံးသွေးကြောကျဥး်တယ်။ နောက်ပြီးတော့ ဆီးချိုသွေးချိုသမားတွေက လေဖြတ်နိုင်တယ်။ တွဲနေတာပေါ့။ တွဲနေတော့ ဆီးချိုသွေးချိုက ကျောက်ကပ်ထဲသွားရင် သွေးက လည်း လိုက်တိုးတယ်။ ဟင်းချိုမှုန့်တွေကတော့ များသောအားဖြင့် ဆိုဒီယမ်တွေပါတော့ သွေးတိုးနဲ့ ပိုဆိုင်တယ်။ ဟင်းချိုမှုန့်တွေ အများကြီးစားရင်တော့ ဆီးချိုဘက်ကို မသွားဘူး။ သို့သော် သွေးတိုး ဘက်ကိုသွားတယ်။ ဒါကြောင့် ဆီးချိုသမားတွေကလည်း ဟင်းချိုမှုန့်တွေကို မလိုလားအပ်ဘဲနဲ့ အများကြီး မစားသင့်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဆီးချိုသမား ၁၀၀ မှာ ၅၀ လောက်က သွေးတိုးနဲ့ အမြဲတွဲနေတဲ့အတွက်ကြောင့် ဟင်းချိုမှုန့်တွေ အများကြီးစားတဲ့အခါကျတော့ သွေးတိုးရောဂါကို ခံစားရမှာဖြစ်တဲ့အတွက်ကြောင့် ဆီးချိုနဲ့တော့ တိုက်ရိုက် မဆိုင်ဘူး။ ဆိုတော့ ဆီးချိုနဲ့ အတူတွဲ ရှိနေတဲ့ သွေးချိုအတွက် အန္တရာယ်ရှိတဲ့အတွက်ကြောင့် မလိုလားအပ်ဘဲနဲ့ ဟင်းချိုမှုန့်တွေကို ထိုက်သင့်တဲ့ ပမာဏလောက်ပဲ စားပါလို့ ကျွန်တော်ကတော့ တိုက်တွန်းချင်ပါတယ်။

မေး။   ။ အသက်အရွယ်နဲ့ ပတ်သက်ပြီးတော့ ပြောရရင်ရောဆရာ။ ခြံုပြီးတော့ ကြည့်လိုက်ရင် လူငယ်ဆို ၃၀-၄၀ ဆိုရင် ကျန်းမာရေးကောင်းတယ် ၊ သိပ်ပြီးတော့မှ ဆိုးတဲ့လက္ခဏာမပြဘူးပေါ့ ကောင်းတယ်ပေါ့ ၊ နည်းနည်းအသက်ကြီးလာမှ ၅၀-၆၀ လောက်မှသာလျင် ဆီးချိုသွေးချိုဆိုတာကို ထင်ထင်ရှားရှား မြင်ရတာပေါ့နော်။ ဆိုတော့ သူက အသက်အရွယ် ရွေးပြီးတော့ရော ဖြစ်နိုင်လား။

ဖြေ။    ။ ဒီအချက်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်က ၂ ပိုင်းခွဲပြီးတော့ ပြောချင်တယ်။ ပထမအချက် ကတော့ ဆီးချိုသမားတွေမှာ အမျိုးအစား ၁ ဆိုတာရှိတယ်။ အမျိုးအစား ၂ ဆိုတာရှိတယ်။ တစ်အချက်ကတော့ အသက်ငယ်ငယ်တွေမှာဖြစ်တာ။ ဆီးချိုလို့ စသိတဲ့အချိန်ကစလို့ အင်စူလင်ကို တစ်သက်လုံး ထိုးရတယ်။ အဲဒါကိုတော့ Type 1 လို့ခေါ်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံမှာ စစ််တမ်းအရတော့ အကြမ်းဖျဉ်းတော့ မှတ်ပုံတော့ မတင်ထားဘူးပေါ့နော်။ မြန်မာတစ်နိုင်ငံလုံးမှာ အများကြီးရှိနေမယ်။ လက်ရှိတော့ ဆီးချိုဆရာဝန်ကြီးတွေ လက်ထဲမှာ အများစုတော့ ၈၀-၉၀-၁၀၀ လောက်ရှိမယ်။ မှန်မှန် အင်စူလင် ထိုးနေတာပေါ့။ သူတို့က ၃ နှစ်သားကတည်းကလည်း စဖြစ်နိုင် တယ်။ ၄ နှစ်သားကတည်းကလည်း စဖြစ်နိုင်တယ်။ အမျိုးအစားတစ်ကတော့ အသက်ငယ်ငယ်တွေ မှာ ဖြစ်တယ်ပေါ့နော်။ အဲဒါက ၁၀၀ မှာ ၅ ရာခိုင်နှုန်းပဲရှိတယ်။ ၉၅ ရာခိုင်နှုနး်ကတော့ အမျိုးအစား ၂ တွေပဲ။ ကျွန်တော်တို့ အများဆုံးတွေ့နေရတာတွေကလည်း အမျိုးအစား ၂ တွေပေါ့နော်။ အဲဒီတော့ ကျွန်တော်က အကြမ်းဖျဉ်း အသက်နဲ့ ပိုင်းလိုက်တာပေါ့။ ၃၀ အောက်ဆိုရင် အမျိုးအစား ၁ ဖြစ်နိုင် တယ်။ ၃၀ ကျော်ရင်တော့ အမျိုးအစား ၂ ဖြစ်နိုင်တယ်။ ဒီလိုပဲ အကြမ်းဖျဥး်ပြောကြတယ်။ သို့သော် ကျွန်တော်တို့ လက်ရှိတွေ့နေရတာက အမျိုးအစား ၂ ဆီးချိုသွေးချို ဝေဒနာရှင်တွေကို ကျွန်တော် တွေ့တာက ၁၁ နှစ်သားမှာတင် ရှိနေပြီ။ အဲဒါ အမျိုးအစား ၁ ဖြစ်ရမှာကို သူက ၂ ဖြစ်နေတယ်။ ဒါတွေက ကျွန်တေ်ာတို့က ကလေးတွေမှာ အဝလွန်တာတွေ ကလေးတွေက အချိုတွေ အရမ်း သောက်တယ် လှုပ်ရှားမှုသိပ်မရှိဘူး TV Game တွေ တစ်အားဆော့တယ်။ ဒါကြောင့်မို့ အဝလွန် ရောဂါနဲ့ ဆီးချိုသွေးချိုတွေကို ကလေးဘဝတွေမှာပါ တွေ့နေရတဲ့အတွက်ကြောင့် ကိုယ့်တူ ကိုယ့်သား လေးတွေ ဝတုတ်လေးတွေ ဖြစ်နေရင် ကျွန်တော်တို့က ဒါကို သတိထားရမယ့်အချက်တွေမှာ ပါနေပါတယ်။ ဒါကြောင့် အသက်အရွယ်နဲ့လည်းဆိုင်ပါတယ်။ ဆီးချိုသွေးချိုက ဘယ်လိုလူတွေ စစ်သင့်သလဲဆိုတော့ ကျွန်တော်တို့ကတော့ အသက် ၄၅ နှစ်ကျော်ရင် လူတိုင်းသည် လက္ခဏာရှိ သည်ဖြစ်စေ မရှိသည်ဖြစ်စေ စစ်ဆေးရမယ်လို့ ကျွန်တော်တို့ သတ်မှတ်ထားပါတယ်။ နောက်တစ်ခု ဆီးချိုသွေးချိုဖြစ်ဖို့ အန္တရာယ်များတဲ့လူတွေက မျိုးရိုးရှိတဲ့လူတွေပေါ့နော်။ အဝလွန်တဲ့လူတွေ လှုပ်ရှားမှုနည်းတဲ့လူတွေ သွေးတိုးတဲ့လူတွေ ဒီလူတွေအကုန်လုံးသည် စစ်သင့်တယ်လို့ ကျွန်တေ်ာက တော့ ယူဆပါတယ်။

မေး။   ။ ဆီးချိုသွေးချိုက စဖြစ်ပြီဆိုရင် ဘယ်လိုလက္ခဏာတွေပြသလဲ ၊ ဘာလို့လဲဆိုတော့ တော်ရုံ တန်ရုံ ၃၀ ကျော် ၄၀ ဆိုရင် အင်မတန် ဖျားနာမှသာ ဆေးခန်းကို သွားကြတာကိုး ။ လူနေမှုပုံစံကတော့ ဆေးခန်းကို ပုံမှန်သွားပြရမယ်ဆိုတဲ့ အသိက ရှိကြတာမဟုတ်ဘူး ။ ဆီးချို သွေးချိုလက္ခဏာပြနေပြီ ဆိုရင် ဘယ်လိုလက္ခဏာပြလဲ။

ဖြေ။    ။ ဟုတ်ပါတယ်။ သူ့မှာ အဓိကလက္ခဏာတွေရှိပါတယ်။ တစ်ကတော့ ဆီးချိုသွေးချို ဝေဒနာကို ခံစားရပြီဆိုရင် ရေအရမ်းငတ်လာတယ်။ ပြီးတဲ့အခါမှာ ဆီးတွေအရမ်းသွားတယ်။ အချိုဓာတ်တွေကို တအားစားချင်လာတယ်။ နောက်တစ်ခါ အကြောင်းအရင်း တစ်စုံတစ်ရာမရှိပဲနဲ့ ပိန်ကျသွားတယ်။ တစ်ခါတစ်လေ မြန်မာပြည်မှာ အများဆုံးတွေ့ရတာကတော့ သူ ဆီးသွားလိုက်ရင် ပုရွက်ဆိတ် အုံတယ်ပေါ့။ ဒါတွေက အဓိက လက္ခဏာတွေပါပဲ။ နောက်ပြီးတော့ ဘာမှန်းမသိပဲနဲ့ နုံးနေတယ်။ မရိုသေစကားပြောရင်တော့ အမျိုးသမီးများပေါ့။ အမျိုးသမီးများဆိုရင်တော့ အမျိုးသမီးများရဲ့ ကိုယ်အင်္ဂါတွေ ယားတတ်တယ်။ တစ်ခါတစ်လေ အမျိုးသမီးတွေက သားဖွားမီးယပ်တွေဆီမှာ သွားပြတဲ့အခါမှာ သူတို့က ယားတယ်လို့ ဆိုတာက ဆရာတွေက ချက်ချင်းသိတယ်။ ဆီးချိုစစ်လိုက် တာပေါ့နော်။ အဓိကကတော့ အဲဒီလက္ခဏာတွေပါပဲ။ သို့သော် ဆီးချိုက ဘာလက္ခဏာမှ မရှိပဲနဲ့ လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောချင်တာက ဆီးချိုသည် ဒီလက္ခဏာတွေဖြစ်ရင်တော့ အမြန်ဆုံး သွားစစ်ပါ။ လက္ခဏာမရှိလည်းပဲ ဖြစ်နိုင်တဲ့အတွက်ကြောင့် ၄၅ နှစ် ကျော်တဲ့သူတိုင်း စစ်သင့်ပါတယ်လို့ ကျွန်တော်တို့ကတော့ ပြောချင်ပါတယ်။

မေး။   ။ ၂၀၁၇ ခုနှစ်ရဲ့ ဆီးချိုသွေးချိုနဲ့ ပတ်သက်တဲ့ ဆောင်ပုဒ်တစ်ခုပေါ့နော်။ ဆီးချိုသွေးချိုအန္တရာယ် မိခင်များ သတိပြုဖွယ်တဲ့ (ပုံမှန်စစ်ဆေးကုသဖို့ ဝိုင်းဝန်းကူညီ ဆောင်ရွက်စို့)ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ မရှင်းတာက ဆီးချိုသွေးချိုအန္တရာယ်ကတော့ သိပါပြီ မိခင်လောင်းများ သတိပြုဖွယ်ဆိုတော့ မိခင်လောင်းတွေက ဘာဖြစ်လို့ သတိပြုရတာလဲခင်ဗျ။

ဖြေ။    ။ ဟုတ်ကဲ့ပါ။ ဒီမေးခွန်းလေးမေးတဲ့အတွက် ကျေးဇူးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ဆီးချို သွေးချို ကာကွယ်ရေးနေ့က နိုဝင်ဘာလထဲမှာရှိတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က ကမ္ဘာ့ဆီးချို သွေးချို ကာကွယ်ရေးနေ့ပါ။ ပထမတုန်းကတော့ ဆီးချိုသွေးချို အဖွဲ့ကြီးတွေကနေပြီးတော့ ဦးစီးပြီး လုပ်တယ်။ သို့သော် တကမ္ဘာလုံးနဲ့ဆိုင်တယ်ဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အသိအမှတ်ပြု လိုက်တယ်။ ဒါကြောင့် နိုဝင်ဘာလ ၁၄ ရက်နေ့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နေ့တစ်နေ့အနေနဲ့ ကျွန်တေ်ာတို့ သွားရမှာပါ။ ဒီနှစ်ဆောင်ပုဒ်က ဆီးချိုသွေးချိုအန္တရာယ် မိခင်လောင်းများ သတိပြုဖွယ် ပုံမှန်စစ်ဆေးကုသဖို့ ဝိုင်းဝန်းကူညီဆောင်ရွက်စို့ သဘောကတော့ အခု ကိုယ်ဝန်ဆောင် အမျိုးသမီး ရ ယောက်မှာ ၁ ယောက်က ဆီးချိုရှိနေတယ်။ အဲဒါကို ကျွန်တော်တို့က Message ပေးချင်တာပါ။ အဲဒီတော့ ကိုယ်ဝန်ဆောင်ကာလမှ ဆီးချိုရှိတာက ၂ ပိုင်းပေါ့။ တစ်ပိုင်းက နဂိုက ဆီိးချိုရှိတဲ့လူ ကိုယ်ဝန်ဆောင်တယ်။ နောက်တစ်ပိုင်းက နဂိုက ဆီးချိုလုံးဝ မရှိဘူး။ ကိုယ်ဝန်ဆောင်တော့မှ ဆီးချို က ရှိသွားတယ်။ ဒါကြောင့် ကျွန်တေ်ာတို့က မိခင်လောင်းတွေမှာ ဆီးချိုရှိရင် ကလေးမှာလည်း ဒုက္ခ ရောက်တယ်။ မိခင်လညး် ဒုက္ခရောက်တဲ့အတွက်ကြောင့် ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်တိုင်းက ဆီးချိုသွေးချိုကို စစ်သင့်ပါတယ်ဆိုတာကို ကျွန်တော်တို့က Message လေး ပေးချင်တာပါ။   ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly