အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြံုရေးတပ်များ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားသင့်ဟု အိန္ဒိယသံအမတ်ကြီး ပြော

အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ လုံခြံုရေးတပ်များ နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်သွားသင့်ဟု အိန္ဒိယသံအမတ်ကြီး ပြော
 မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri (ဓာတ်ပုံ - သက်ကို)

 

နိုဝင်ဘာ ၁၀ ။                 ။ ဒေသတွင်းမှာ ပေါ်ပေါက်နေလျက်ရှိတဲ့ ခြိမ်းခြောက်မှု ရန်စွယ်အန္တရာယ်တွေကို ရင်ဆိုင်ဖို့အတွက် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံလုံခြံုရေးတပ်ဖွဲ့တွေအကြား အလွန်နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားသင့်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Vikram Misri က နိုဝင်ဘာ ၁၀ ရက်မှာ ပြောကြားလိုက်ပါတယ်။

" ကျွန်တော်တို့ရဲ့ လုံခြံုရေးတပ်ဖွဲ့အင်အားစုတွေအနေနဲ့ ကျွန်တော်တို့နိုင်ငံတွေကို ခြိမ်းခြောက်နေတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့တွေကို နေရာမပေးမိစေရေး နီးနီးကပ်ကပ် လုပ်ဆောင်သွားကြရမှာဖြစ်ပါတယ်" ဆိုပြီး သံအမတ်ကြီးက "အိန္ဒိယ-မြန်မာ ဆက်ဆံရေး- ရှေ့သို့ ဆက်ချီတက်လှမ်းခြင်း" ဆိုတဲ့ ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားသွားပါတယ်။

အဆိုပါ နှစ်ရက်တာကွန်ဖရင့်ကိုတော့ ကိုးလ်ကတ္တားအခြေစိုက် think tank အဖွဲ့ ISCS နဲ့ မြန်မာ think tank အဖွဲ့MISIS တို့က ပူးတွဲစီစဉ်ကျင်းပခြင်း ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး ၊ အမျိုးသားရင်ကြားစေ့ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နယ်ပယ်များတွင်လည်း မြန်မာနိုင်ငံကို တတ်နိုင်သည့် နည်းလမ်းအားလုံးနဲ့အတူ ကူညီပေးဖို့ အိန္ဒိယဘက်က အသင့်ရှိနေပါကြောင်း Misri က ပြောပါတယ်။

" မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အောင်မြင်အောင် လုပ်နိုင်ဖို့ အရမ်းကို အရေးကြီးလှပါတယ်၊ ဒီနေရာမှာ ကျွန်တော်တို့ အိန္ဒိယဘက်က ကမ်းလှမ်းပေးနိုင်တဲ့ သင်ခန်းစာအနည်းအကျဉ်းတော့ ရှိနေပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာလည်း ကျွန်တော်တို့ရဲ့ လူမျိုးနွယ်စုဆိုင်ရာ သောင်းကျန်းထကြွမှု အနည်းငယ်ကို ဖြေရှင်းထားခဲ့ရလို့ဖြစ်ပါတယ်၊ အထူးသဖြင့် မြန်မာနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ အရှေ့မြောက်ခြမ်းဒေသမှာပေါ့" ဆိုပြီး ၎င်းက ပြောပါတယ်။

ယင်းအပြင် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုခိုင်မာစေရေးအတွက် ယခုနှစ်အတွင်း အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီရဲ့ မြန်မာနိုင်ငံခရီးစဉ်ရဲ့ အောင်မြင်မှုရရှိခြင်း နဲ့ပတ်သက်လို့လည်း ၎င်းက ပြန်ပြောင်းပြောကြားသွားပါသေးတယ်။

ယင်းနောက် ကွန်ဖရင့် ဖွင့်ပွဲအခမ်းအနားမှာ အိန္ဒိယ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ် N Biren Singh ကလည်း မြန်မာနိုင်ငံနဲ့အကြား နီးနီးကပ်ကပ်ဆက်ဆံသွားရေးအတွက် ဦးစားပေး ပြောကြားသွားပါတယ်။

" ကျွန်တော့်တို့ ပြည်နယ်ကသူတွေကတော့ ကျွန်တော်တို့ရဲ့ အရှေ့ဘက်ဂိတ်တွေကို ဖွင့်လိုက်ရင် ပြည်နယ်ဟာ ပိုပြီး သာယာဝပြောသွားမယ်လို့ ပြောကြပါတယ်၊ မဏိပူရ်ရဲ့ အရှေ့ဘက်ဂိတ်တွေက အိန္ဒိယထိ လမ်းပွင့်နိုင်ပါတယ်" Biren Singh က ပြောပါတယ်။ Biren Singh ကတော့ မိုဒီ၏ BJP ပါတီဝင်တစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းဒေသတွေမှာ ရှိနေတဲ့ အတန်အသင့်များပြားတဲ့ အရင်းအမြစ်တွေနဲ့ပတ်သက်လို့လည်း ၎င်းက အသေးစိတ်ပြောကြားသွားပါတယ်။

" ဒါပေမယ့် ကျွန်တော်တို့ရဲ့ လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံတွေကို ဖွံ့ဖြိုးအောင်လုပ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်က အရေးပါတဲ့ နေရာတွေမှာ စျေးကွက်စင်တာတွေ ထူထောင်ဖွင့်လှစ်ပြီးခါကျမှ ဒီအရင်းအမြစ်တွေကို အသုံးချသွားနိုင်မှာဖြစ်ပါတယ်" လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

" ကျွန်တော်တို့ နယ်စပ်မှာ ကုန်စည်ဖလှယ်ရောင်းဝယ်မှုကိုတော့ ဖျက်သိမ်းထားပါတယ်၊ ဒါပေမယ့်လည်း နယ်စပ်ကုန်သွယ်ရေးကို တိုးမြင့်အားပေးဖို့ လိုအပ်ပါတယ်၊ အဲဒီအတွက်ကြောင့်လည်း မိုရာ-တမူး လမ်းကြောင်းကို အသုံးချနိုင်ပါတယ်။ ဒါပေမယ့် အဲဒီမှာ ရှိနေတဲ့ အခြေခံအဆောက်အအုံတွေကိုလည်း ခေတ်နဲ့အညီ ပြုပြင်မွမ်းမံသွားသင့်ပါတယ်၊ပြိးတော့ မိုရာမြို့အနီးမှာ မြို့သစ်တစ်ခု တည်သင့်ပါတယ်" လို့ Mr. Biren Singh က ပြောပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြင့်ရေးအတွက်ကိုတော့ အရည်အသွေးမှီတဲ့ စမ်းသပ်စစ်ဆေးမှု ဓာတ်ခွဲခန်းတွေ ထူထောင်ဖို့၊ နယ်စပ်မှာ ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံအဆောက်အအုံထားရှိဖို့၊ ကုန်သည်တွေနဲ့ ဆေးကုသမှုခံယူမယ့်လူနာတွေအတွက် ဆိုက်ရောက်ဗီဇာထောက်ပံ့မှုတွေ ရရှိဖို့ လုပ်ဆောင်သင့်တယ်လို့ ၎င်းက အကြံပြုပြောကြားပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွေအကြား နယ်စပ်ဖြတ်ကျော် ရင်းနှီးမြုှပ်နှံမှုတွေကို အဆင်ပြေချောမွေ့စွာ လုပ်ကိုင်နိုင်ရေးအတွက် စည်းမျဉ်းဆိုင်ရာ လျော့ပေါ့ဖြေလျော့မှုတွေ လုပ်ဖို့ကိုလည်း ၎င်းက တောင်းဆိုသွား ပါသေးတယ်။

" မဏိပူရ်က အိန္ဒ္ဒိယရဲ့အားကစားမြို့တော်ပါ၊ ဒါ့ကြောင့် အားကစားနဲ့ပတ်သက်လို့ အပြန်အလှန်ဖလှယ်မှုတွေ ကျွန်တော်တို့ ပိုလုပ်သွားသင့်ပါတယ်၊ အထူးသဖြင့် ကျွန်တော်တို့ မဏိပူရ်ပြည်နယ်က အဓိကပါ၀င်ထားတဲ့ အိန္ဒိယအမျိုးသမီး ဘောလုံးအသင်းနဲ့ မြန်မာအမျိုးသမီး ဘောလုံးအသင်းတို့ အကြား ပြိုင်ပွဲကျင်းပသွားသင့်ပါ တယ်" လို့ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ်က ပြောသွားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly