လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် မင်းသားကြီးစတီဗင်ဆီးဂဲလ်

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် မင်းသားကြီးစတီဗင်ဆီးဂဲလ်

 

မင်းသမီးပေါ်တီယာဒီရော့စီက မင်းသားကြီးစတီဗင်ဆီးဂဲလ်သည် သူမကို လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခဲ့သည် ဟု စွပ်စွဲပြောဆိုလိုက်သည်။

The Arrested Development ဇာတ်ကား၏မင်းသမီးလည်းဖြစ်၊ အမေရိကန်၏နာမည်ကျော် တီဗီအစီအစဉ် ဖြစ်သော Ellen Show ၏ အစီအစဉ်မှူး အယ်လန်ဒီဂျန်းနရက်စ်နှင့် လက်ထပ်ထားသော ပေါ်တီယာဒီရော့စီက အဆိုပါစွပ်စွဲပြောဆိုချက်ကို ပြီးခဲ့သောဗုဒ္ဓဟူးနေ့ညက သူမ၏တွစ်တာ၌ ရေးသားခဲ့ခြင်းဖြစ်သည်။

သူမ၏စွပ်စွဲချက်အရ ရုပ်ရှင်အတွက်အစမ်းသရုပ်ဆောင်နေစဉ်တွင် မစ္စတာဆီးဂဲလ်က သူ၏ဘောင်းဘီဇစ်ကို ဆွဲဖြုတ်ခဲ့ကာ သူမကို “ ပိတ်ကား နောက်ကွယ်မှာလည်း အပေးအယူမျှတဖို့အရေးကြီးတယ်” ဟု ပြောဆိုခဲ့ ကြောင်း သိရသည်။

ထိုသို့စွပ်စွဲချက်နှင့်ပက်သက်၍ မင်းသားကြီးက မည်သည့်မှတ်ချက်မှမပေးလိုကြောင်း မစ္စတာဆီးဂဲလ်၏ မန်နေဂျာက ပြောခဲ့သည်။

အသက် ၆၅နှစ်အရွယ်ရှိ စတီဗင်ဆီးဂဲလ်သည် Under Siege နှင့် Flight of Fury တို့ကဲ့သို့သော ဇာတ်ကား များ အပါအဝင် လွန်ခဲ့သော ၁၉၈၀ နှင့် ၁၉၉၀ ခုနှစ်များက ထွက်ရှိခဲ့သော သူ၏ အက်ရှင်ဇာတ်ကားများနှင့် လူသိများထင်ရှားသူဖြစ်သည်။ ဒါ့အပြင် လွန်ခဲ့သော ၂၀၁၆ ခုနှစ်က ရုရှားသမ္မတကြီးပူတင်က သူ့ကိုရုရှားနိုင်ငံ သားအဖြစ် ခံယူခွင့်ပေးခဲ့သည်။

ယခင်ကလည်း မစ္စတာဆီးဂဲလ်၏ မလျော်ကန်သော အပြုအမူများနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကြောင့် Good Wife ဇာတ်ကား၏မင်းသမီး ဂျူလီယာနာ မာဂူလိုင်းစ်နှင့် မော်ဒယ်ဂျန်နီမက္ကာသီတို့ အပါအဝင် အခြားသော အမျိုးသမီးအများအပြားက သူ့ကိုယခုလိုမျိုး စွပ်စွဲပြောဆိုခဲ့ကြဖူးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly