ကျုံပျော်ရှိ ခရစ်ယာန်တရားမဝင်အဖွဲ့အစည်း၏ ရက် ၄၀ သင်တန်းအား ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေနှင့် အရေးယူမည်

ကျုံပျော်ရှိ ခရစ်ယာန်တရားမဝင်အဖွဲ့အစည်း၏ ရက် ၄၀ သင်တန်းအား ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေနှင့် အရေးယူမည်

ပုသိမ်၊ နိုဝင်ဘာ ၁၀ ။              ။ ကျံုပျော်မြို့နယ်တွင် တရားမဝင်ထူထောင်ထားသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အား တိုင်းအစိုးရမှ စစ်ဆေး အရေးယူမည်ဟု ထုတ်ပြန်ပြီးနောက် အဆိုပါအဖွဲ့၏ ရက် ၄၀ သင်တန်းအား အုပ်ချုပ်ရေးအဆင့်တင် ခွင့်ပြုချက် မရှိပြုလုပ်လျှင် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေနှင့် အရေးယူမည်ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

"ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်မှာ ကျုံပျော်မှာ ခရစ်ယာန်ဘာသာဝင်သုံးဆယ်လောက်နဲ့ တခြားပြည်နယ် တိုင်းတွေကရောက်လာမယ် နှစ်ဆယ်လောက်နဲ့ပေါင်းပြီးတော့ အင်အား ၅၀ လောက်နဲ့ တရားဓမ္မဆွေးနွေးပွဲကို ရက်ပေါင်း ၄၀ လောက်လုပ်ဖို့ စီစဉ်ထားပါတယ်ဆိုပြီး တိုင်းဒေသကြီးအစိုးရဆီ သတင်းတက်လာပါတယ်။ ကျွန်တော်တို့ အသိပေးအကြောင်းကြားလိုက်တယ်။ ဒီလိုလုပ်မယ် ဆိုရင် တရားဝင်မှတ်ပုံတင်ထားတဲ့ ဘာသာရေးအဖွဲ့အစည်း ဖြစ်ရမယ်။ တိုင်းဒေသကြီးအုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်ရယ်၊ နောက်ဆုံး တိုင်းဒေသကြီးအစိုးရရယ် ခွင့်ပြုချက်ရရှိပြီး   ဆောင်ရွက်ရန် ဖြစ်တယ်”ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

အဆိုပါ အဖွဲ့အစည်းအပေါ် ဝေဖန်မှု မြင့်တက်နေချိန်တွင် ၎င်းတို့က ရက် ၄၀ သင်တန်းအား ယခုလအတွင်း ပြုလုပ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ကျုံပျော်မြို့နယ်၊ လှည်းဆိပ်ကျေးရွာ မန်းဖိုးကြူနေအိမ်တွင် ခရစ်ယာန်ဘာသာဝင်တချို့ ဦးဆောင်ပြီး ခရစ်ယာန်ဘာသာကို ပျက်စီးရာပျက်စီးကြောင်း လုပ်ကိုင်နေကြောင်း  ကျံုပျော်တရားရုံးသို့ ဦးတိုက် လျှောက်ထားတိုင်ကြားမှုရှိကြောင်း သိရပြီး ကျုံပျော်မြို့နယ်တရားရုံးတွင် လှည်းဆိပ်ကျေးရွာနေ မန်းဖိုးကြူ ပါ ၆ ဦးအား ရာဇဝတ်မှုအမှုအမှတ်၁၄၉/၂၀၁၆အရ တရားစွဲဆိုထားခြင်း ဖြစ်သည်။

တရားစွဲဆိုခံထားရသူများမှာ မန်းဖိုးကြူ ခေါ် ဦးဉာဏ်ထွန်းဇော်၊ မန်းကျော်စိုး၊ နန်းနီလာထွန်း၊ မန်းဝင်းမြင့် ခေါ် အရှည်ကြီး၊ နန်းတင့်မူ နှင့် မန်းဝင့်ဝါတို့ ဖြစ်သည်။

 “ခွင့်ပြုချက်မရဘဲ ဆောင်ရွက်ရင် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေနဲ့ အရေးယူခြင်း ခံရပါလိမ့်မယ်။ ပြောတော့ တခြားကလာတဲ့သူတွေက ပြန်သွားတယ်၊ကျန်ခဲ့တဲ့သူတွေက ဆက်လုပ်၊ မလုပ် အစီရင်ခံစာစောင့်နေတယ်”ဟု စည်ပင်သာယာရေး ဝန်ကြီး ဦးကျော်မြင့်က ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် အစွန်းရောက်ဂိုဏ်း ထူထောင်သူ မန်းကျော်စိုး ပါ ၆ ဦး ဦးစီးသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့အား ခွင့်ပြုထားခြင်းမရှိကြောင်း မြန်မာနိုင်ငံ၊ ပိုးကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ကျံုပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာရှိ ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာရအဖွဲ့သည် ဘာသာရေး လုံးဝမဟုတ်ဟု ဦးဆောင်သူတစ်ဦးဖြစ်သည့် နန်းနီလာထွန်းက ပြောသည်။

"ခရစ်တော်ရဲ့တပည့်တော်များမိတ်သဟာရများ လို့ခေါ်တယ် ။ အားလုံးအတွက် သတ်မှတ်ချက်တစ်ခုအနေနဲ့ နာမည်ပေးထားတာပါ။ တကယ်တော့ ဘုရားသခင်ဖြစ်ပွားစေတဲ့ မိသားစုပါ၊ ၁**ဘုရားသခင်အသက်ကို ရတဲ့ မိသားစုဝင်တွေစုပြီး နေထိုင်တာပါ၊အခု ဒီမိသားစုရယ်ဖြစ်တည်လှုပ်ရှားမှုဟာ ဘာသာရေးလုံးဝမဟုတ်ဘူး ။ ဘာကြောင့်လည်းဆိုတော့ ဒီအရာက ကျွန်မတို့ပဲခံစားသိရှိရတဲ့၊ ကျွန်မတို့ပဲသိတဲ့၊ ဘာသာရေးမဟုတ်ဘဲ ဘုရားပဲဖြစ်တဲ့ ဒီလောကကြီးတစ်ခုလုံးကို ဖန်ဆင်းပိုင်သအုပ်စိုးတဲ့ဘုရားလူတွေရယ်၊ အရင်းအမြစ်။ ဒီနေ့ကျွန်မတို့လူတွေ သက်ရှင်လှုပ်ရှားနေတဲ့ အရင်းအမြစ်၊ အဲဒီအရင်းအမြစ်အားလုံး ဘုရားရဲ့ အသက်နဲ့ ဖြစ်တည်နေတဲ့မိသားစုဖြစ်တယ်။ ဘာသာရေး လုံးဝမဟုတ်ဘူး” ဟု ခရစ်တော်ရဲ့တပည့်တော်များ မိတ်သဟာ အဖွဲ့ဝင် နန်းနီလာထွန်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာတွင် မန်းကျော်စိုး ထူထောင်ထားသည့် ခရစ်ယာန် ကျမ်းစာသင်တန်းပေးခြင်းများ ပြုလုပ်နေပြီး၊ တချို့သင်တန်းသား/သူများသည်  မိဘညီအစ်ကို မောင်နှမ နေအိမ်သို့ ပြန်ရန် လာရောက်ခေါ်ဆောင်ရာတွင် ပြန်လည်လိုက်လိုခြင်းမရှိကြောင်း သိရသည်။

၂၀၁၆ ခုနှစ်က စတင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူမြို့နယ်မှ သစ်တောဝန်ထမ်းတစ်ဦး၏ သမီး ဖြစ်သူအား ကျုံပျော်မြို့နယ်၊လှည်းဆိပ်ကျေးရွာမှာရှိတဲ့ ဦးဖိုးကြူနေအိမ်မှာ သင်တန်းတက်ရောက်ခဲ့ပြီး၊ နေရပ်ပြန်ရန် သွားရောက်ခေါ်ဆောင်ရာ ပြန်မလိုက်ဘဲ နေခဲ့သည့်အတွက် အထောင်နယ်မြေရဲစခန်းတွင် သက်ဆိုင်ရာမိဘများက ရဲစခန်းတွင်  ပုဒ်မ ၃၆၃ ဖြင့် အမှုဖွင့်ခဲ့သည်။

ကျံုပျော်မြို့နယ်တွင် တရားမဝင် ထူထောင်ထားသည့် ခရစ်ယာန်ဘာသာရေးအဖွဲ့ ၏ သင်တန်းကိုသာ စောင့်ကြည့်နေပြီး အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များကိုမူ တိုင်းအစိုးရမှ စစ်ဆေးအရေးယူမည် ဟုသာ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly