ကမ္ဘာ့ဖလား Play Off ပထမအကျော့ပွဲစဉ်တွင် ဆွစ်ဇာလန်နှင့် ခရိုအေးရှားတို့ အနိုင်ရရှိ

ကမ္ဘာ့ဖလား Play Off ပထမအကျော့ပွဲစဉ်တွင် ဆွစ်ဇာလန်နှင့် ခရိုအေးရှားတို့ အနိုင်ရရှိ

နိုဝင်ဘာ ၁၀ ။           ။ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဥရောပဇုန် Play Off ပထမအကျော့ပွဲစဉ်များတွင် ဆွစ်ဇာလန်အသင်းနှင့် ခရိုအေးရှားအသင်းတို့ အသီးသီးအနိုင်ရရှိခဲ့ကြသည်။

မြောက်အိုင်ယာလန်ကွင်းတွင် ကစားခဲ့သည့် မြောက်အိုင်ယာလန်နှင့်ဆွစ်ဇာလန်တို့၏ပွဲတွင် ဆွစ်ဇာလန်အသင်းက ၅၈ မိနစ်တွင် သွင်းယူခဲ့သော ရိုဒရီဂွက်ဇ်၏ပင်နယ်တီသွင်းဂိုးဖြင့် အနိုင်ရရှိသွားခဲ့သည်။

ဆွစ်ဇာလန်တိုက်စစ်ကစားသမား ရှာကွီရီ၏ကန်ချက်မှာ အိုင်ယာလန်ကွင်းလယ်လူ အီဗန်၏ လက်မောင်းဖြင့် ဧရိယာအတွင်း ထိခဲ့သည်ကို ဒိုင်လူကြီးက အငြင်းပွားဖွယ် ပင်နယ်တီပေးအပ်ခဲ့ခြင်းဖြစ်သည်။ မြောက်အိုင်ယာလန်နည်းပြ မာတင်အိုနေးလ်နှင့် အသင်းသားများက ဒိုင်လူကြီး၏ဆုံးဖြတ်ချက်အတွက် စောဒကတက်ခဲ့ကြပြီး ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ခရိုအေးရှားနှင့် ဂရိတို့၏ပွဲစဉ်တွင်မှု ခရိုအေးရှားက ခြေစွမ်းအသားစီးဖြင့် ကစားခဲ့ပြီး ၄-၁ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ ထိုပွဲတွင် ခရိုအေးရှားအသင်းအတွက် အနိုင်ဂိုးများကို မိုဒရစ်၊ ကာလီနစ်၊ ပါရီဆစ်နှင့် ကရာမာရစ်တို့က သွင်းယူပေးခဲ့ကြပြီး ဂရိအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပါပါစတာသိုပူးလော့စ်က သွင်းယူပေးခဲ့သည်။

ဆွစ်ဇာလန်နှင့်မြောက်အိုင်ယာလန်၊ ဂရိနှင့်ခရိုအေးရှားတို့၏ဒုတိယအကျော့ပွဲစဉ်များကို နိုဝင်ဘာ ၁၂ ရက်နှင့် ၁၃ ရက်နေ့များတွင် ပြန်လည်ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags