ရုရှား၌ လူနေတိုက်ခန်း အဆောက်အဦးပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံး

ရုရှား၌ လူနေတိုက်ခန်း အဆောက်အဦးပြိုကျမှုကြောင့် လူ ၄ ဦးသေဆုံး

 

မော်စကို၊ နိုဝင်ဘာ ၁၀ ။             ။ ရုရှားနိုင်ငံအလယ်ပိုင်းရှိ Izhevsk မြို့မှ အထပ် ၉ ထပ်ပါသော လူနေတိုက်ခန်းအဆောက်အဦးတစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တိုက်ပြိုကျခဲ့သောကြောင့် လူ ၄ဦးခန့် သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

အလောင်း ၄ လောင်းခန့်ကို အပျက်အစီးပုံထဲမှ ဆွဲထုတ်ခဲ့ရကြောင်း ဒေသတွင်းရှိ ရုရှားအမျိုးသားကာကွယ် ရေးတပ်မှ ဒုတိယတပ်မှူးကြီး နီကိုလိုင်းမာ့ဇ်လီယာကော့ဗ်က မီဒီယာများကို ပြောကြားခဲ့သည်။

တိုက်ပြိုကျမှုကြောင့် ဒဏ်ရာရရှိခဲ့သော အခြားလူတစ်ဦးမှာ စိုးရိမ်ရသောအခြေအနေတွင်ရှိပြီး ဆေးရုံ၌ကုသ ပေးနေကာ တိုက်ခန်း၌နေထိုင်သူအများအပြားကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သူက ပြောခဲ့သည်။ ဒါ့အပြင် အချို့ နေထိုင်သူများသည် အပျက်အစီးများကြားမှ သူတို့ဘာသာကြိုးစား၍ ရုန်းထွက်နိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့များသည် အနံ့ခံခွေးများကိုအသုံးချပြီး အပျက်အစီးပုံများအောက်မှ ကျန်ရှိနေနိုင်သေးသော အသက်ရှင်သူများကို ထပ်မံရှာဖွေလျက်ရှိသည်။

အဆိုပါအဆောက်အဦးသည် ဒေသစံတော်ချိန် ညနေ ၃း၄၅နာရီခန့်၌ ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Izhevsk မြို့ရှိ လူနေအဆောက်အဦးပြိုကျမှုနှင့်ပက်သက်၍ ထွက်ပေါ်လာသော အကြမ်းဖက်တိုက်ခိုက်မှု သတင်းများကို ရုရှားအာဏာပိုင်များက ငြင်းဆန်ခဲ့ကြပြီး သာမန်မတော်တဆဖြစ်ရပ်သာဖြစ်ကြောင်း ရှင်းလင်း ပြောဆိုခဲ့ကြသည်။

Izhevsk မြို့သည် နာမည်ကြီး AK ရိုင်ဖယ်သေနတ်အမျိုးအစား သေနတ်များကို တီထွင်ထုတ်လုပ်နေသည့် သေနတ်ကုမ္ပဏီကြီး Concern Kalashnikov  ရုံးစိုက်ရာမြို့ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly