ပဋိပက္ခဒေသ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အမျိုးသမီးများလုံခြုံရေး အာမခံချက်ပေးနိုင်မှု မရှိဟုဆို

ပဋိပက္ခဒေသ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် အမျိုးသမီးများလုံခြုံရေး အာမခံချက်ပေးနိုင်မှု မရှိဟုဆို

ရန်ကုန် နိုဝင်ဘာ ၉ ။              ။ မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားနေသော ဒေသများ၊ ပဋိပက္ခအလွန်နှင့် ပဋိပက္ခမဖြစ်ပွားသောဒေသများ ၌ပင်လျှင် အမျိုးသမီးများ၏ လုံခြုံရေးအတွက် အာမခံချက်ပေးနိုင်မှုမရှိကြောင်း ငြိမ်းချမ်းရေး အတွက် ကျား/မတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP ) မှ ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။

ယနေ့ နိုဝင်ဘာ ၉ ရက်နေ့က ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ AGIPP ရုံးတွင် ပြုလုပ်သည့် အမျိုးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များနှင့်ပတ်သက်၍ လက်ရှိလုပ်ငန်းစဉ်များနှင့်   ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြုလုပ်သည့် စာနယ်ဇင်ရှင်းလင်းပွဲအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။

" အမျိုးသမီးလုံခြုံရေးလို့ပြောလိုက်တဲ့အခါမှာ ပဋိပက္ခဖြစ်ပွားတဲ့ဒေသမှာတင်မဟုတ်ဘူး၊ ကျန်တဲ့ ပဋိပက္ခအလွန်မှာလည်း မလုံခြုံဘူးလို့ ခံစားနေရ တယ်လို့ ကျွန်မတို့နှစ်ပတ်လည် အစည်းအဝေးမှာ တက်ရောက်လာကြတဲ့ ပြည်နယ်နဲ့တိုင်းက အမျိုး သမီးတွေက တင်ပြကြပါတယ်၊ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေဖြစ်တဲ့ နယ်စပ်က အမျိုး သမီးတွေဆိုရင် ပိုပြီးတော့ လုံခြုံရေးကို စိုးရိမ်နေရတယ်၊ ပဋိပက္ခ ပြန်ဖြစ်မှာလည်း ကြောက်နေကြတယ်၊ စားနပ်ရိက္ခာ မဖူလုံမှာလည်း ကြောက်နေတဲ့အပြင် မူးယစ်ဆေးဝါးအန္တရာယ်ကလည်း အကြီးအကျယ် ကို ခြိမ်းခြောက်နေတယ်" ဟု ငြိမ်းချမ်းရေးအတွက် ကျား/မတန်းတူရေး မဟာမိတ်အဖွဲ့ ( AGIPP ) မှ ကော်မတီဝင် ဒေါ်နန်းဖြူဖြူလင်းက ပြောသည်။

ထို့ပြင် ယင်းနယ်စပ်ဒေသ ပဋိပက္ခဖြစ်ပွားရာဒေသ များရှိအမျိုးသမီးများသည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာများထိခိုက်နေရသည့်အပြင် လုပ်ကိုင်စား သောက်ရသည့်လယ်ယာမြေများဆုံးရှုံးမှုများလည်း ကြုံတွေ့ရသည်ဟု ဒေါ်နန်းဖြူဖြူလင်းက ဆက်လက် ပြောပြသည်။

ငြိမ်းချမ်းရေးအတွက် ကျား/မတန်းတူရေး မဟာ မိတ်အဖွဲ့ ( AGIPP ) ၏ နှစ်ပတ်လည်အစည်း အဝေးကို ပြီးခဲ့သည့်အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်နေ့များက နေပြည်တော်တွင် ပြုလုပ်ခဲ့သည်။ ယင်း နှစ်ပတ်လည် အစည်းအဝေးတွင် AGIPP အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ တက် ရောက်ခဲ့ကြပြီး အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြ သည်။

" အမျိုးသမီးအုပ်ချုပ်ရေးမှူးတွေအတွက် လုံခြုံရေး အရကြည့်မယ်ဆိုရင် ဖားကန့်မြို့နယ်မှာဖြစ်သွား တဲ့ ကိစ္စဆိုရင် အလုပ်ကြံခံလိုက်ရတာလေ၊ အမျိုး သမီး ရပ်/ကျေး အုပ်ချုပ်ရေးအပိုင်းမှာ ပါဝင်လာ ဖို့လိုတယ်၊ သူတို့အမြင်တွေလည်း ထည့်သွင်းဖို့ လိုတယ်၊ အထူးသဖြင့် ရွေးကောက်ပွဲတွေမှာဆိုရင် သူတို့အမြင်တွေ ထည့်သွင်းဖို့လိုတယ်၊ အဓိကက တော့ သူတို့လုံခြုံရေးကို အစိုးရအနေနဲ့ ဂရုပြုဖို့ လိုတယ်၊ အမျိုးသမီးတွေ အုပ်ချုပ်ရေးထဲပါဝင်လာ ရင် သူတို့ရဲ့လုံခြုံရေးအတွက် အထူးဂရုပြုဖို့ လို အပ်တယ်" ဟု ငြိမ်းချမ်းရေးအတွက် ကျား/မ တန်း တူရေး မဟာမိတ်အဖွဲ့ ( AGIPP ) မှ ကော်မတီဝင် ဒေါ်ဘန်ဆိုင်းဘူက ပြောသည်။

အောက်တိုဘာလတွင် ပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ ကျား/မ တန်းတူရေး အခြေအနေ၊ အမျိုးသမီးများ၏လုံခြုံရေးနှင့် ဦးဆောင်ပါဝင်မှုအခြေအနေတို့အပေါ် ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်နေသည့် အစုအဖွဲ့ များအားလုံး၏ ရှုမြင်နားလည်သဘောပေါက်မှု အားနည်းနေသည်ဟူသော အချက်အပါအဝင် အချက် ၃ ချက် သဘောထားထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေး အမြန်ဆုံးရရှိရန် စစ်ပွဲများရပ်တန့်ပေးရန်၊ နည်းမျိုးစုံအကြမ်းဖက်မှု များ ရပ်တန့်ရန်နှင့် တရားမျှတမှုနှင့် လုံခြုံမှုကို အာမခံချက်ပေးနိုင်သည့်အခြေအနေများရရှိရန်တို့ အတွက် သက်ဆိုင်ရာအစုအဖွဲ့များအားလုံးကို အထောက်အထား၊ အချက်အလက်များဖြင့် တင်ပြ တောင်းဆိုရန်အချက်အပါအဝင် အချက် ၆ ချက်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ငြိမ်းချမ်းရေးအတွက် ကျား/မတန်းတူရေး မဟာမိတ်အဖွဲ့ ( AGIPP ) သည် မြန်မာနိုင်ငံလုံး ဆိုင်ရာအမျိုးသမီးရေးရာကော်မတီ ( MNCWA ) ၏ အမျိုးသမီး ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ နည်း ပညာအကြံပေးအဖွဲ့ ( WPSTWG ) ၏ ပူးတွဲဥက္ကဋ္ဌ ( Co - Chair ) အနေဖြင့် တာဝန်ယူ ထားသည့် အဖွဲ့အစည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly