တက္ကသိုလ်ဝင်တန်းအောင် အမြင်အာရုံမသန်စွမ်း ကျောင်းသားများကို ဂုဏ်ပြု

တက္ကသိုလ်ဝင်တန်းအောင် အမြင်အာရုံမသန်စွမ်း ကျောင်းသားများကို ဂုဏ်ပြု

 

ရန်ကုန်၊နိုဝင်ဘာ၉ ။             ။ မျက်မမြင်လက်စမ်းစာ ပေါ်ပေါက်လာသည့် နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေဖြင့် တစ်နိုင်ငံလုံးမှ တက္ကသိုလ်ဝင်တန်းကိုအောင်မြင်ကြသည့် မျက်မမြင်ကျောင်းသား(၉)ဦးကို ဂုဏ်ပြုဆုများချီးမြှင့်သည့် အစီစဉ်ကို နိုဝင်ဘာ ၈ရက်နေ့ညက ရန်ကုန်မြို့ Park Royal Hotelတွင် ပြုလုပ်ခဲ့သည်။

ယခုပွဲကို  မျက်မမြင်လက်စမ်းစာပေဖခင်ဟုခေါ်သော ဖာသာဂျက်ဆင်၏ အမှတ်တရအထိမ်းအမှတ်အနေဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်သည်။

ဒါ့အပြင် မျက်မမြင်လက်စမ်းစာပေကို နိုင်ငံတော်မူအဖြစ်ပြဌာန်းကာ အသုံးပြုနေကြောင်း သိရှိစေရန် မျက်မမြင်လက်စမ်းစာပေသင်ကြားခြင်းနှင့်ပတ်သတ်သည့် စာအုပ်များကို ပညာရေးဝန်ကြီးဌာနသို့ ပေးအပ်ရခြင်းဖြစ်သည်ဟု ဦးအောင်ကိုမြင့်က ဆိုသည်။

"မျက်မမြင်တွေက မျက်မမြင်ကျောင်းမှာဘဲတက်ရတာမဟုတ်ဘူး ။မျက်စိမြင်တဲ့လူတွေရဲ့ Resourceကိုယူပြီးတော့မှ အပြင်ကျောင်းတွေမှာ မျက်မမြင်တွေက တက်ရတာ ။ အခုမြန်မာပြည်မှာပြဿနာက တစ်တိုင်းတစ်ပြည်လုံးမှာ ၁၀ခုပဲရှိတယ်ဆိုတော့ ဝေးလံခေါင်ဖျားတဲ့နေရာကို မျက်မမြင်သားသမီးမိဘတွေ ကြံနေရဆဲဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံမသန်စွမ်းအသင်းချုပ်၏ ဥက္ကဌ ဦးအောင်ကိုမြင့်က ပြောသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကျောင်းသားများကိုပါ အဆိုပါပွဲတွင် အစီစဉ်တစ်ခုအနေဖြင့် ထည့်သွင်းဂုဏ်ပြုပေးခဲ့သည်။

မျက်မမြင်လက်စမ်းစာပေကို တက်ကျွမ်းဖို့ ငယ်စဉ်ကသုံးလကြာလေ့လာခဲ့ရကြောင်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သည့် ကမ္ဘာအေးမျက်မမြင်ကျောင်းမှ မသဲစုန္ဒာက ပြောပြသည်။

"ဘယ်အရာမှလွယ်ကူတဲ့အရာဆိုတာမရှိပါဘူး။ တစ်နေရာမဟုတ်တစ်နေရာတော့ အခက်အခဲနဲ့ကြံုတွေ့မှာပဲ ။အဲဒီအတွက်စိတ်ဓာတ်မကျဘဲ ဇွဲလုံ့လဝီရိယထား ကြိုးစားပေးပါလို့ ပြောချင်ပါတယ်"ဟု မသဲစုနန္ဒာက ဆိုသည်။

အမြင်အာရုံမသန်စွမ်းသူများ စာမေးပွဲဖြေကြားသည့်အခါ အတန်း တစ်တန်းနိမ့်သည့် ကျောင်းသားမှ စာရေးသားပေးရပြီး စာမေးပွဲဖြေဆိုသည့်ကျောင်းသားက  နှုတ်မှဖြေကြားပေးရသည်။

ထို့အတွက် သချာင်္ပုစ္စာများကို ဖြေဆိုရာ၌ တစ်တန်းနိမ့်သည့်ကျောင်းသားက ရေးသားရသဖြင့် အခက်အခဲရှိခဲ့သည်ဟု မသဲစုနန္ဒာကပြောပြသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိမသန်စွမ်းအမျိုးအစားများတွင် အမြင်အာရုံမသန်စွမ်းများသည် တိုးတက်မှုအားအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရသည်။

သို့သော် ၄င်းတို့အတွက် မော်တော်ယာဉ်လိုက်ပါစီးနင်းရာတွင် အခက်အခဲရှိခြင်း တက္ကသိုလ်အချို့တွင် မျက်မမြင်ကျောင်းသူကျောင်းသားများ လက်ခံသင်ကြားခွင့် မပြုခြင်း အစရှိသည့်အခက်အခဲများ ကြံုတွေ့ခဲ့ရသည်။

မြန်မာတစ်နိုင်ငံလုံး၌ မျက်မမြင်ကျောင်းစုစုပေါင်း (၁၂)ကျောင်းရှိနေသည်။

 မြန်မာတစ်နိုင်ငံလုံးတွင် မသန်စွမ်းအရေအတွက် ၄.၆ ရာခိုင်နှုန်းရှိပြီး တစ်နည်းအားဖြင့် ၂.၃ သန်းရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly