အုပ်စုဖွဲ့လုယက်မှု ထပ်မံမဖြစ်ပွားရန် ခရီးသည်များအား ယာဉ်ရပ်နားစခန်းဝင်းအထိ ပို့ဆောင်ရန် ညွှန်ကြားထား

အုပ်စုဖွဲ့လုယက်မှု ထပ်မံမဖြစ်ပွားရန် ခရီးသည်များအား ယာဉ်ရပ်နားစခန်းဝင်းအထိ ပို့ဆောင်ရန် ညွှန်ကြားထား

မန္တလေး၊ နိုဝင်ဘာ ၉ ။              ။ ခရီးသည်များထံက အုပ်စုဖွဲ့လုယက်နေမှုများ မဖြစ်ပွားစေရန်အတွက် မန္တလေးမြို့သို့ နံနက်ပိုင်း ဆိုက်ရောက် လာသည့် ခရီးသည်ယာဉ်များအနေဖြင့် ယာဉ်ရပ်နားစခန်းဝင်းအထိ ဝင်ရောက်၍ ခရီးသည်များ ချပေးရန် ယာဉ်ပိုင်ရှင်များ၊ ဂိတ်မှူးများကို ညွှန်ကြားထားသည်ဟု မန္တလေးမြို့တော်စည်ပင်သာယာရဲတပ်ဖွဲ့မှ ရဲမှူး ချမ်းငြိမ်းအောင်က မဇ္ဈိမကိုပြောသည်။

မန္တလေးမြို့တွင် နိုဝင်ဘာ ရ ရက်နံနက်ပိုင်းက မူဆယ်မြို ့မှအလုပ်လုပ်၍ ပြန်လာသော ခရီးသည် ရ ဦးထံမှ အုပ်စုဖွဲ့လုယက်မှုဖြစ်စဉ်အပြီးတွင် မန္တလေးမြို့သို့ဆိုက်ရောက်လာသည့် ကားများအနေဖြင့် ခရီးသည်များကို လုယက်မှုများမခံရစေရန် ယာဉ်ရပ်နားဝင်းအတွင်းထိ ဝင်ရောက်၍ ခရီသည်များချပေးရန် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီမှ ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

"မန္တလေးမြို့ကို ဆိုက်ရောက်လာတဲ့ကားတွေက မနက် ၂ နာရီတို့ ၄ နာရီတို့ဖြစ်နေတယ်။ လုံးဝ လူအသွားအလာ ပြတ်တဲ့ အချိန်။ အဲဒါကြောင့် ခရီးသည်တွေကို ကားကွင်းဝင်တွေအထိ ဝင်ပြီး ချဖို့ ဂိတ်တွေရော၊ယာဉ်ပိုင်ရှင်တွေရော ပြောပြီးပြီ။မန္တလေးမြို့ကနေ တခြားမြို့ကို ဆက်သွားမယ်ဆိုလည်း ကားကြီးကွင်းတွေ နားနေဆောင်တွေ ရှိပါတယ်။ ဆက်စောင့်ပြီး တကယ့်တရားဝင်ကားဂိတ်တွေမှာ လက်မှတ်ဖြတ် သွားရုံပါပဲ။"ဟု ရဲမှူး ချမ်းငြိမ်းအောင်က ပြောသည်။

ယခုလို လုပ်လိုက်ခြင်းကြောင့် မသိနားမလည်သည့် ခရီးသည်များအနေဖြင့် တရားမဝင် လက်မှတ်ရောင်း သည့်ဂိတ်များ၏ အဆမတန်လက်မှတ်ခများရောင်းနေခြင်းကို ကာကွယ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်၊မူဆယ် စသည့်မြို့များမှမန္တလေးမြို့သို့ ဆိုက်ရောက်သည့်အချိန်များသည် များသောအားဖြင့် နံနက် ၂ နာရီနှင့်၄ နာရီကြားတွင် ဝင်ရောက်မှုများခြင်းကြောင့် တရားမဝင်ဂိတ်များနှင့်Taxi အချို့ မသမာမှုကျူး လွန်ရန် အခွင့်အရေးရနေခြင်းဖြစ်ကြောင်း သိရသည်။

စည်ပင်သာယာရဲတပ်ဖွဲ့အနေဖြင့် ခရီးသည်များ လုယက်မှုများမခံရစေရန်အတွက် ယာဉ်ရပ်နားစခန်းများတွင် ရဲတပ်ဖွဲ့ဝင်အင်အား နှစ်ဆတိုး၍ နယ်မြေခံရဲတပ်ဖွဲ့၊ယာဉ်ရပ်နားစခန်း စည်းကမ်းထိန်းသိမ်းရေးကော်မတီတို့နှင့် ပူးပေါင်း၍ ၂၄ နာရီ လုံခြံုရေးဆောင်ရွက်လျှက်ရှိသည်။

လက်ရှိတွင် တရားမဝင်ဂိတ် ၁၀ ဂိတ်ကို ပိတ်သိမ်း၍ စည်ပင်သာယာဥပဒေဖြင့် အရေးယူထားပြီး အုပ်စုဖွဲ့ လုယက်သည့် Taxiသမားအချို့ကိုလည်း အမှတ်(၈)ရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly