မိခ်မေးလ်၏ ပြစ်ဒဏ်နှင့်ပတ်သက်၍ ဒါးလက်စ်၌ပြုလုပ်ခဲ့သော ရှိုးပွဲ၌ တာဝန်ရှိသူများကို ဂျေဇီဝေဖန်

မိခ်မေးလ်၏ ပြစ်ဒဏ်နှင့်ပတ်သက်၍ ဒါးလက်စ်၌ပြုလုပ်ခဲ့သော ရှိုးပွဲ၌ တာဝန်ရှိသူများကို ဂျေဇီဝေဖန်

 

ယခုအပတ်အစောပိုင်းတွင် ရက်ပ်အဆိုတော်မိခ်မေးလ်ကို ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့သည့်အတွက် နာမည်ကျော်အဆိုတော်နှင့် ထုတ်လုပ်သူဖြစ်သော ဂျေဇီက တာဝန်ရှိသူများအား ဆက်တိုက်ဆိုသလို ဝေဖန်မှုများ ပြုလုပ်လျက်ရှိသည်။

ဂျေဇီသည် တနင်္လာနေ့အနှောင်းပိုင်းက သူ၏ဖေ့စ်ဘုတ်စာမျက်နှာမှတဆင့် ဝေဖန်ခဲ့သလို ယခုအခါတွင်လည်း ဒါးလက်စ်၌ပြုလုပ်ခဲ့သော သူ၏ရှိုးပွဲ၌ တာဝန်ရှိသူများအား တိုက်ရိုက်ဝေဖန် ပြောဆိုခဲ့သည်။

“မိခ်မေးလ်ဟာ သူ့အသက် ၁၉ နှစ်အရွယ်မှာ စွဲချက်တင်ခံရပြီးတော့ အဖမ်းခံခဲ့ရပါတယ်။ အခုချိန်မှာ သူဟာ အသက် ၃၀ အရွယ်ရှိနေပြီးတော့ ၁၁ နှစ်လောက် ခံဝန်ချုပ်နဲ့ နေထိုင်ခဲ့ရပါတယ်။ ဒါကိုတရားသူကြီးတွေက ဆိုင်ကယ်ကိုခေါင်းထောင်စီးပြီး စတန့်ထွင်ခဲ့တာလေးကို အပြစ်လုပ်ပြီးတော့ မိခ်မေးလ်ကို ထောင်ဒဏ် ၂ နှစ် ကနေ ၄ နှစ်အထိ ချမှတ်ခဲ့ပါတယ်” ဟု ဂျေဇီက ဝေဖန်ပြောဆိုခဲ့သည်။  

အတိအကျဆိုရလျှင် မိခ်မေးလ်သည် လွန်ခဲ့သော မတ်လက စိန့်လူးဝစ်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေဆိပ် ၀န်ထမ်းများနှင့် အချင်းများကာ ရန်ပွဲဖြစ်ပွားခဲ့သလို သြဂုတ်လကလည်း နယူးယောက်မြို့၌ ဆိုင်ကယ်ကို အဆင်အခြင်မဲ့မောင်းနှင်မှုဖြင့် စွဲချက်တင်ခံခဲ့ရသည်။ထို့နောက် သူက ပတ်ဝန်းကျင်၌ လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်မည်ဟု သဘောတူခဲ့သည့်အတွက် ထိုအမှုနှစ်ခုစလုံးမှ လွတ်မြောက်ခဲ့သည်။

သို့သော်လည်း တရားသူကြီး ဂျန်းနိစ်အီးဘရင့်ကလေက မိခ်မေးလ်သည် မူးယစ်ဆေးသုံးစွဲမှု စစ်ဆေးချက်၌ ကျရှုံးခဲ့သလို လွန်ခဲ့သော ၂၀၀၈ ခုနှစ်က လက်နက်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါးအမှုများရှိခဲ့ကြောင်း သုံးသပ်ခဲ့သည်။ ဒါ့အပြင် ဘရင့်ကလေက သူမသည် မိခ်မေးလ်ကို အခွင့်အရေးအများအပြားပေးခဲ့သော်လည်း သူကိုယ်တိုင်က ပြောင်းလဲခြင်းမရှိသည့်အတွက် ယခုလိုပြစ်ဒဏ်ချမှတ်ခဲ့ရခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

မိခ်မေးလ်သည် ခံဝန်ချုပ်ကိုချိုးဖောက်ခဲ့မှုဖြင့် ထောင်ဒဏ်ပစ်ဒဏ်ရင်ဆိုင်ရမည်ဟု အစိုးရရှေ့နေများက မမျှော်လင့်ထားခဲ့သလို ရက်ပ်အဆိုတော်သည် လွန်ခဲ့သော ဇန်နဝါရီလကတည်းက မူးယစ်ဆေးကင်းစင်ခဲ့ကာ ခံဝန်ချုပ်နှင့်ကိုက်ညီအောင် နေထိုင်ခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ ဒါ့အပြင် မိခ်မေးလ်၏ရှေ့နေဖြစ်သူသည် အဆိုပါ ပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly