ဒီကွန်ဖရင့်ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တိကျတဲ့အကြံပြုချက်တွေ ရလာဖို့ရှိပါတယ်

ဒီကွန်ဖရင့်ကနေ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် တိကျတဲ့အကြံပြုချက်တွေ ရလာဖို့ရှိပါတယ်

ISCS ရဲ့ အတွင်းရေးမှူး Adrindam Mukherjee နှင့် တွေ့ဆုံခြင်း

"India-Myanmar Relations- The Way Forward" ခေါင်းစဉ်နဲ့ နှစ်ရက်တာ ကွန်ဖရင့်တစ်ခုကို ကိုးလ်ကတ္တားအခြေစိုက် လူမှုရေးရာနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာမှုဌာန ISCS က ဦးစီးကျင်းပဖို့ရှိပါတယ်။ အိန္ဒိယ- မြန်မာ ဆက်ဆံရေး ထူထောင်မှု အနှစ် ရ၀ ပြည့်မြောက်လာတာနဲ့အလျောက် ယင်းဆက်ဆံရေးကို ပိုမိုခိုင်မာသထက် ခိုင်မာလာစေနိုင်မယ့် နည်းလမ်းတွေ ရှာဖွေနိုင်ရေးအလို့ငှာ နှီးနှောဖလှယ်ပွဲတွေ၊ ကွန်ဖရင့်တွေ ကျင်းပထားခဲ့ပါတယ်။ ဒါပေမယ့်လည်း လာမယ့် နိုဝင်ဘာ ၁၀-၁၁ ရက်တွေမှာ Pan-Pacific ဟိုတယ်မှာ ကျင်းပမယ့် ကွန်ဖရင့်အတွက် စီစဉ်ဖို့ ရန်ကုန်မြို့မှာ ရောက်ရှိနေတဲ့ ISCS ရဲ့ အတွင်းရေးမှူး Adrindam Mukherjee ကတော့ ယခု ကွန်ဖရင့်မှာ ကွဲပြားခြားနားမှုတစ်ရပ် ရှိလာမည်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အောက်ပါကတော့ ၎င်းနဲ့  မဇျ္စိမသတင်းဌာနမှ ကိုအောင်သူရတို့ရဲ့ အင်တာဗျူးထဲမှ ကောက်နုတ်ချက်တွေ ဖြစ်ပါတယ်။

မေးခွန်း- အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်စေဖို့ လုပ်ဆောင်တဲ့နေရာမှာ ဒီ ကွန်ဖရင့်က ဘယ်လိုမျိုး အကူအညီဖြစ်စေနိုင်မလဲလို့ ထင်ပါသလဲခင်ဗျ?

အဖြေ- ဒါက ကွဲပြားခြားနားမှုတစ်ခုနဲ့ ကျင်းပမယ့် ကွန်ဖရင့်တစ်ခုဖြစ်ပါတယ်၊ ဒါကို မူဝါဒနဲ့ သွားတဲ့ ကွန်ဖရင့် လို့ ကျွန်တော်တို့ မြင်ထားပါတယ်၊ ဘာလို့လဲဆိုတော့ ရှေ့ကို ဆက်သွားဖို့ကိုပဲ ကျွန်တော်တို့ အာရုံစိုက်နေလို့ပါ။ ကျွန်တော်က သမိုင်းကျောင်းသားတစ်ယောက်ပါ၊ ဒါကြောင့် သမိုင်းက အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်၊ ဒါပေမယ့်လည်း လက်ရှိပစ္စုပ္ပန်ကို အာရုံစိုက်ဖို့ လိုသလို အနာဂတ်အတွက်လည်း ပိုလို့တောင် အာရုံစိုက်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နှစ်နိုင်ငံအကြား ဆက်ဆံရေးက ကောင်းခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ အရမ်းကြီးကျယ်တဲ့ လူသားယဉ်ကျေးမှုချင်း ဆက်သွယ်မှုအပေါ် အခြေခံနေလို့ပါ။ အဲဒီအတွက်ကိုလည်း ခုဆိုရင် အိန္ဒိယအနေနဲ့ အနာဂတ်ကို မျှော်တွေးတဲ့ အခန်းကဏ္ဍကနေ ပါ၀င်သွားနေတာပါ၊  ဒါပေမယ့် အိန္ဒိယအနေနဲ့ ဒီထက် ပိုများများ ကမ်းလှမ်းပါ၀င်နိုင်ပါတယ်။

ကျွန်တော်တို့အနေန့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေအတွက် ဖြေရှင်းမှုနည်းလမ်းတွေ ထောက်ပံ့ပေးနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနိုင်ငံက ပြဿနာတွေက ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးပြဿနာတွေနဲ့ ဆင်တူနေလို့ပါ။ ကျွန်တော်တို့ရဲ့ ဖြေရှင်းချက်နည်းလမ်းတွေ အနောက်နိုင်ငံတွေရဲ့ နည်းလမ်းတွေထက်စာရင် ပိုပြီး လက်တွေ့ကျပါတယ်။ အခြေခံအဆောက်အအုံပိုင်းမှာဆိုရင် လမ်းတွေ၊တံတားတွေလောက်တင်မကပါဘူး။ ပညာရေးနဲ့ကျန်းမာရေး၊ ခရီးသွား၊ သိပ္ပံနဲ့ နည်းပညာကဏ္ဍတွေမှာပါ ဖော်ဆောင်နိုင်မယ့် နည်းလမ်းတွေ ကမ်းလှမ်းပေးနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်နည်းပညာနဲ့ အာကာသသိပ္ပံပညာတို့က ကမ္ဘာ့အဆင့်အတန်း ရှိပါတယ်။ ဟောလိ၀ုဒ်ရုပ်ရှင်ကားကြီးတစ်ကားစာထက်စာရင် ကုန်ကျစရိတ်ပိုနည်းနည်းပဲ သုံးပြီး အင်္ဂါဂြိုဟ်ပေါ်ကို မစ်ရှင်တစ်ခု စေလွှတ်နိုင်ပါတယ်။ ကုန်ကျစရိတ်သက်သာမှုရှိအောင် ဆောင်ရွက်ခြင်း က အိန္ဒိယနဲ့ မြန်မာလိုမျိုး နိုင်ငံတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်းတွေ ဖော်ဆောင်တဲ့နေရာမှာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။

မေးခွန်း- ဒီကွန်ဖရင့်က ပညာရှင်တွေ၊ သုတေသီတွေကို အတူပေါင်းစည်းစေနိုင်ရုံသမကဘဲ နှစ်နိုင်ငံစလုံးက မူဝါဒချမှတ်သူတွေကိုပါ အတူပေါင်းစည်းစေနိုင်ပါသလား? အချိန်အတိုင်းအတာတစ်ခုတွင်း ဖော်ဆောင်သွားနိုင်မယ့် တိကျတဲ့ မူဝါဒရေးရာ အကြံပြုထောက်ခံချက်တွေကို ဘယ်လိုနယ်ပယ်ဧရိယာတွေ ကနေ ကျွန်တော်တို့ မျှော်လင့်လို့ရနိုင်ပါသလဲ?

အဖြေ- သေချာတာကတော့ ကျွန်တော်တို့မှာ အရမ်းကို အရေးကြီးတဲ့ မူဝါဒဆိုင်ရာ အကြံပြုထောက်ခံချက်တွေ ရှိမှာပါ။ အဆင့်မြင့် လုံခြံုရေးအရာရှိကြီးတွေ အဲဒီမှာ ရှိနေမယ်ဆိုတော့ အကြမ်းဖက်မှု တိုက်ဖျက်နှိမ်နင်းရေး အပိုင်းနဲ့ပတ်သက်လို့ အချိန်နဲ့တပြေးညီ သတင်းအချက်အလက်ဖလှယ်ရေး ဆိုင်ရာ တိကျတဲ့အကြံပြုချက်တွေ ကျွန်တော်တို့ ရလာဖို့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒါက နှစ်နိုင်ငံစလုံးအတွက် ဒီအချိန်မှာ ဦးစားပေးကိစ္စ ဖြစ်နေလို့ပါ။

ဒါ့အပြင် အိန္ဒိယအစိုးရကို ဆန့်ကျင်တဲ့သူပုန်တွေကို စစ်ကိုင်းနယ်ထဲကနေ ခင်ဗျားတို့ မြန်မာစစ်တပ်က တိုက်ထုတ်မယ်လို့ ပြောထားတဲ့ သတင်းတစ်ခု မဇျ္စိမသတင်းမှာ ကျွန်တော်ဖတ်လိုက်ရပါတယ်။ ဒါ အရမ်းကို ကြိုဆိုစရာကောင်းတ့ တိုးတက်မှုတစ်ခုဖြစ်ပါတယ်။ အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ ပုန်ကန်သောင်းကျန်းမှု တွေကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်းတစ်ချို့လိုပဲ မြန်မာနိုင်ငံကလည်း ဘယ်တုန်းကမှ ထောက်ခံအားပေး မထားခဲ့ပါဘူး။ အိန္ဒိယအနေနဲ့ကတော့ နှစ်နိုင်ငံအကြား စစ်တပ်ချင်း ဆက်ဆံမှုကိုလည်း တိုးမြှင့်ဆက်ဆံလိုတဲ့ ဆန္ဒရှိပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးနဲ့ကုလ တာဝန်တွေလို နယ်ပယ်ဧရိယာတွေမှာ တပ်မတော်ကို လေ့ကျင့်သင်ကြားပေး ရုံသာမကဘဲ ကျွန်တော်တို့စစ်တပ်အနေနဲ့ မြန်မာနိုင်ငံမှာ ကာလကြာမြင့်နေခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးတွေကနေလည်း သင်ယူလိုပါတယ်။

ARSA ဆိုတာက ပါကစ္စတန် ပုံစံနဲဲ့  ရှိနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ တပ်သားတွေကို ပါကစ္စတန်နိုင်ငံသားတွေကလေ့ကျင့်သင်ကြားပေးနေလို့ပါ၊ ဒီလို ပါကစ္စတန် ပုံစံ အစ္စလမ္မစ် အကြမ်းဖက်သမားတွေကို ဘယ်လိုတိုက်ခိုက်ရမလဲဆိုတာနဲ့ပတ်သက်လို့ တပ်မတော်ကို ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ ဝေမျှပေးနိုင်ပါတယ်။  ကုန်သွယ်ရေးနဲ့ လမ်းပန်းဆက်သွယ်မှုပိုင်းတို့နဲ့ ပတ်သက်လို့လည်း ခိုင်မာတဲ့ထောက်ခံအကြံပြုချက်တွေ ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက  နှစ်နိုင်ငံအကြား ပြည်သူအချင်းချင်း ဆက်ဆံရေးကိုတိုးတက်အောင်ဖော်ဆောင်ဖို့၊ ဗုဒ္ဓဘာသာအခြေပြု ဆက်ဆံရေးကို ဖော်ဆောင်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်က သမိုင်းကျောင်းသား တစ်ယောက်ပါ၊ ဒါကြောင့်လည်း ကျွန်တော်တို့အစိုးရအနေနဲ့ သမိုင်းအချက်အလက်တွေကို ထောက်ရှုပြီး ကျွန်တော်တို့အကြားက လက်ရှိဆက်ဆံရေးကို ဖော်ဆောင်သွားတာမျိုးကို ကျွန်တော်ဖြစ်စေချင်ပါတယ်။

မေးခွန်း- ကျွန်တော်တို့နှစ်နိုင်ငံ ဆက်ဆံရေးကို တိုးမြင့်တဲ့နေရာမှာ နယ်စပ်ပြည်နယ်တွေရဲ့ ပါ၀င်မှု အခန်းကဏ္ဍကိုရော ဘယ်လို မြင်ပါသလဲ?

အဖြေ- တစ်လုံးတည်းပါပဲ ၊အရမ်း ကြီးမားပါတယ်၊ မဏိပူရ် ၀န်ကြီးချုပ် Biren Singh ဆိုရင် ကျွန်တော်တို့ သွားပြီးကမ်းလှမ်းတော့ ချက်ချင်းကို သဘောတူခဲ့ပါတယ်။ သူတို့ပြောပုံအရဆိုရင် သူတို့ရဲ့ အရှေ့ဘက်ဂိတ်ကို မြန်မာနဲ့အကြား ဖွင့်လှစ်လိုက်မယ်ဆိုရင် သူတို့ပြည်နယ်ဟာ စည်ပင်ဝပြောသွားမယ်လို့ ဆိုပါတယ်။ မဏိပူရ်က စီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့အနာဂတ်ကို ပြောင်းလဲသွားစေနိုင်တဲ့ ရွှေအိုးအဖြစ် မြန်မာနိုင်ငံကို ရှုမြင်နေကြပါတယ်။

မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်ကတော့  မြန်မာနိုင်ငံကနေ ဆေးကုသမှုခံယူဖို့လာတဲ့ လူနာတွေအတွက် ဆိုက်ရောက်ဗီဇာတွေ ရစေချင်နေပါတယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ပြည်နယ်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍကို တိုးတက်ဖွံ့ထွားသွားစေနိုင်လို့ ဖြစ်ပါတယ်။ ဒီလိုဆိုရင် အိန္ဒိယရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံကနေ ဆေးလာကုသူတွေအတွက် ရည်ရွယ်ပြီး မဏိပူရ်ပြည်နယ်မှာ ဆေးရုံတွေ တည်ဆောက်ကြမှာဖြစ်ပါတယ်။ Biren Singh ဟာဆိုရင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးအတွက် အကြီးဆုံး မောင်းနှင်အား ဖြစ်နိုင်သလို Tripura ပြည်နယ်ဝန်ကြီးချုပ် Manik Sarkar ဟာဆိုရင်လည်း အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးအတွက် မောင်းနှင်အားဖြစ်နိုင်ပါတယ်။ နယ်စပ် ပြည်နယ်တွေကတော့ အိန္ဒိယ-မြန်မာ ဆက်ဆံရေးအတွက် မောင်းနှင်အားတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ဒီလူတွေက လက်တွေ့မြေပြင်အနေအထားကို သိကြပေမယ့် ဒေလီမြို့တော်ကတော့ အလှမ်းကွာဝေးနေတာ ကြောင့် အဲဒီကလူတွေက တကယ့်မြေပြင်အကြောင်းအရာကို သိပ်နားမလည်ကြပါဘူး။

မေးခွန်း- ရခိုင် အရေးနဲ့ပတ်သက်လို့ရော ဘယ်လိုထင်မြင်ပါသလဲခင်ဗျ?

အဖြေ- ဒါက အတိမ်းအစောင်းမခံတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အသေးစိတ် အကြောင်းအရာတွေကို နှစ်နိုင်ငံစလုံးက ဆွေးနွေးသူတွေကပဲ ဆွေးနွေးကြပါလိမ့်မယ်။ ရခိုင်မှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်ဖို့၊ အခြေအနေကို မူလအတိုင်း ပြန်လည်ရှိစေဖို့ ရည်ရွယ်ပြီး ဆောင်ရွက်နေတာတွေနဲ့ပတ်သက်လို့ အိန္ဒိယပြည်သူတွေအနေနဲ့ ၀မ်းမြောက်မိပါတယ်။  ဒါပေမယ့် ဒါဟာ လူသားချင်းစာနာမှု ကိစ္စတစ်ခုသက်သက် မဟုတ်ပါဘူး။ ဒါဟာ လုံခြံုရေးနဲ့သက်ဆိုင်တဲ့ကိစ္စဖြစ်ပါတယ်။ ဒါကို အနောက်အုပ်စုက နားလည်သဘောပေါက်လိုခြင်း မရှိပါဘူး။ အဲဒီမှာ ရှိနေတဲ့ မြန်မာစစ်တပ်အနေနဲ့လည်း အကြမ်းဖက်သမားတွေကို ရှင်းလင်းနိုင်ဖို့ ဆောင်ရွက်နေကြရပါတယ်။

ARSA ဆိုရင် အစွန်းမရောက်တဲ့ ဘင်္ဂါလီတွေကိုသာမကပါဘူး၊ ဟိန္ဒူနဲ့ မြို တိုင်းရင်းသားတွေကိုပါ သတ်ဖြတ်ခဲ့တာပါ၊

အိန္ဒိယမှာဆိုရင်လည်း အစိုးရနဲ့ ညှိနှိုင်းဆွေးနွေးချင်ကြတဲ့ အစွန်းမရောက်တဲ့ ကက်ရှ်မီးယားတွေကို ကက်ရှ်မီးယားပြည်နယ်က အကြမ်းဖက်သမားတွေက သုတ်သင်ရှင်းလင်းခဲ့သလိုမျိုးပေါ့။ အဲဒါက ISI ရဲ့မဟာဗျူဟာဖြစ်ပါတယ်။ ARSA က မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့ရဲ့ ရန်သူဖြစ်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ရဲ့ နိုင်ငံရေးအကြံပေး Mr H T Imam မကြာသေးခင်က မဇျ္စိမကို ပြောခဲ့သလိုမျိုးပေါ့၊ ဒါကြောင့် အဲဒီလို စစ်သွေးကြွ ရန်စွယ်မျိုးကို တိုက်ခိုက်ရှင်းလင်းဖို့ အတွက် ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု တစ်ခု လိုအပ်ပါတယ်။

Mizzima Weekly