ဗန္ဓုလပိုင်ယာဉ်လိုင်း(၅)လိုင်းကို ကားအသစ်များဖြင့် လှဲလှယ်၊ ယာဉ်လိုင်း(၂)လိုင်း ထပ်မံတိုးချဲ့မည်

ဗန္ဓုလပိုင်ယာဉ်လိုင်း(၅)လိုင်းကို ကားအသစ်များဖြင့် လှဲလှယ်၊ ယာဉ်လိုင်း(၂)လိုင်း ထပ်မံတိုးချဲ့မည်
ဓာတ်ပုံ မျိုးမင်းသန်း

ရန်ကုန်၊နိုဝင်ဘာ ၉ ။              ။ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီပိုင် ကားများအားလုံးကို ဒီဇင်ဘာလကုန်နောက်ဆုံးထား အသစ်လဲလှယ်သွားမည်ဖြစ်ပြီး ၂၀၁၈ ဇန်နဝါရီလတွင် ယာဉ်လိုင်း(၂)လိုင်းတိုးချဲ့သွားမည်ဖြစ်ကြောင်း ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်ကဆိုသည်။

ဗန္ဓုလပိုင် ဘတ်စ်ကားအသစ်များကို ပထမအသုတ်အနေဖြင့် (၄၁)စီး၊ ဒုတိယအသုတ် (၁၂၃)စီး တတိယအသုတ် အစီး(၅၀)တို့ဖြင့် ဖြည့်သွင်းသွားရန် ရည်ရွယ်ထားသည်။

"ကားအသစ်တွေ အစားထိုးဖို့အတွက်ကို ယူတောင်း(Yutong)ကား(၂၁၄)စီး တို့က ၀န်ကြီးချုပ်တို့ ဝယ်သလို အလုံးလိုက်ဝယ်တာ မဟုတ်ဘူး"ဟု ဦးမျိုးမြင့်က ဆိုသည်။

အဆိုပါကားအသစ်များအတွက် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်နှင့် ယူတောင်းကားကုမ္ပဏီတို့ပူးပေါင်းကာ ဝယ်ယူထားခြင်းဖြစ်ပြီး ၄င်းဘတ်စ်ကားအသစ်များကို ပဲခူးတိုင်းဒေသကြီး အင်းတကော်စက်မှုဇုန်၌ ပြန်လည် တပ်ဆင်ပြီး အသုံးပြုသွားမည်ဖြစ်သည်။

လက်ရှိတွင် ယာဉ်လိုင်းအမှတ် (၁၂) (၁၄) (၂၅) (၃၀) (၂၈)စသည့် ယာဉ်လိုင်းများကို ဗန္ဓုလကုမ္ပဏီမှ တာဝန်ယူကိုင်တွယ်ပြေးဆွဲပေးနေသည်။

ထိုသို့ ကားသစ်များ ထည့်သွင်းပြီး ယခင်ကားဟောင်းများအား လိုင်းသစ်တိုးချဲ့ ပြေးဆွဲသွားမည်ဟု သိရသည်။

"ဒီဇင်ဘာလကုန်လို့ရှိရင် (၅)လိုင်းစလုံး အဲကွန်းလိုင်းဖြစ်သွားမယ်။ အဲဒီကနေ အဟောင်းအစီး(၁၀၀) ပိုထွက်လာမယ်။ အစီး(၁၀၀)ကို (၅၀)၊ (၅၀)နှစ်လိုင်းတို့က အသစ်ထပ်တောင်းမယ်။ အဲလိုတောင်းပြီးရင် ၂၀၁၈ ဇန်နဝါရီမှာ ဗန္ဓုလက (၅)လိုင်းကနေ (၇)လိုင်းဖြစ်သွားမယ်"ဟု ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က မဇ္စျိမကို ပြောသည်။

အဆိုပါ ဖြစ်လာမည့် (၇)လိုင်းတွင် (၅)လိုင်းမှာ ကားအသစ်များနှင့်အဲကွန်းလိုင်းအဖြစ် ပြေးဆွဲမည်ဖြစ်ပြီး ကျန်နှစ်လိုင်းမှာ ကားအဟောင်းများနှင့် ရိုးရိုးလိုင်းအနေဖြင့် ပြေးဆွဲသွားရန်စီစဉ်ထားကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ၏ မန်းနေးဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောသည်။

ထပ်မံတိုးချဲ့မည့်ယာဉ်လိုင်းများအတွက် တင်ပြထားဆဲဖြစ်ပြီး ပြေးဆွဲရမည့်လမ်းကြောင်းကို YRTA မှ သတ်မှတ်ပေးသွားမည်ဖြစ်သည်။

ဗန္ဓုလကုမ္ပဏီသည် ယခုလ နိုဝင်ဘာ ၂ရက်နေ့တွင် ယူတောင်း(Yutong)ဘတ်စ်ကားအသစ် (၄၁)စီးထည့်ကို ယာဉ်လိုင်း(၂၅)၊ (၃၀)တို့တွင် ထည့်သွင်းထားပြီးဖြစ်ပြီး ယခုလအတွင်း၌ပင် (၁၂၃)စီးအား ထည့်သွင်းနိုင်ရန် စီစဉ်ထားသည်။ ဒီဇင်ဘာလ၌ ထပ်မံ၍ အစီး(၅၀)ကို ထည့်သွင်းလဲလှယ်သွားရန်လည်း ရှိနေသည်။

ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီမှာ ယခင်ဘတ်စ်ကားစနစ်တွင် ပါရမီယာဉ်လိုင်း၊ အဓိပတိယာဉ်လိုင်းများ အနေဖြင့် ပြေးဆွဲခဲ့သော ကုမ္ပဏီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly