လက်တင်အမေရိကရှိ လူဦးရေ ၂၀ ရာခိုင်နှုန်းမှာ ဆင်းရဲသားရပ်ကွက်များ တွင်နေထိုင်နေရ

လက်တင်အမေရိကရှိ လူဦးရေ ၂၀ ရာခိုင်နှုန်းမှာ ဆင်းရဲသားရပ်ကွက်များ တွင်နေထိုင်နေရ

ဘိုဂိုတာ၊ သြဂုတ် ၁၈ ။        ။ လက်တင်အမေရိကတစ်ဝန်းရှိ လူဦးရေ ၁၁၃သန်း သို့မဟုတ် လူငါးဦးလျင်တစ်ဦးနှုန်းမှာ ပြန့်ကျဲနေသည့် မြို့ပြဆင်းရဲသားရပ်ကွက်များတွင် နေထိုင်လျက်ရှိရာ လူမှုရေးမညီမျှမှုနှင့် လူမှုရေးထောက်ပံ့မှုမှ ချန်လှပ်ခံရခြင်းတို့ကို ပိုမိုဆိုးဝါးစေလျက်ရှိသည်။ ထို့အပြင် ပုံစံတကျမဟုတ်သည့်လူနေအိမ်ရာကြီးထွားမှုကို အစိုးရပေါ်လစီများက မဖြေရှင်းနိုင်သဖြင့် ယင်းကဲ့သို့ဆင်းရဲသားရပ်ကွက်များမှာ လျင်မြန်စွာကျယ်ပြန့်လာမည့် အခြေအနေရှိနေသည်ဟု လေ့လာမှုတစ်ခုက ဖော်ပြသည်။

လူနေအိမ်ရာနှင့် ပတ်သက်သည့် နိုင်ငံတော်ပေါ်လစီများမှာ မြို့ပြလူဦးရေမြင့်မားလာမှုကို မဖြေရှင်းနိုင်သေးကြောင်း ၎င်းလေ့လာမှုကဖော်ပြသည်။ ၁၉၅၀ပြည့်လွန်နှစ်များမှ စ၍ ကျေးလက်မှ မြို့ပြသို့ အစုလိုက်အပြုံလိုက်ပြောင်းရွှေ့မှုများကြောင့် လူဦးရေသန်း ၆၀၀၀န်းကျင်ရှိ လက်တင်အမေရိက၏ လူဦးရေ ၈၀ရာခိုင်နှုန်းမှာ ယခုအခါ မြို့ပြများတွင် နေထိုင်လျက်ရှိသည်။ ယင်းပမာဏမှာ ကမ္ဘာရှိ အခြားမည်သည့်ဒေသထက်မဆို ပိုမိုမြင့်မားသည့် ပမာဏဖြစ်သည်။

လေ့လာမှုက လက်တင်အမေရိက၏ အကြီးဆုံးစီးပွားရေးနိုင်ငံများဖြစ်သည့် ဘရာဇီး၊ မက္ကဆီကို၊ ချီလီ၊ ကိုလမ်ဘီယာနှင့် အာဂျင်တီးနားအပါအဝင် နိုင်ငံပေါင်း ၁၁ နိုင်ငံရှိ အိမ်ရာဥပဒေနှင့် ပေါ်လစီများကို ဆန်းစစ်ခဲ့သည်။ နိုင်ငံအများစုတွင် လုံလောက်သောလူနေအိမ်ရာအခွင့်အရေးကို အသိအမှတ်ပြုသော ဥပဒေများနှင့် အခြေခံဥပဒေများရှိသော်လည်း ဆင်းရဲသောမိသားစုများအတွက် အိမ်ရာရရှိရေးမှာ ကွာဟချက်များရှိနေဆဲဖြစ်သည်။

တောင်အမေရိကတိုက်တစ်ဝန်း ဆင်းရဲသားရပ်ကွက်များတွင် အုတ်များ၊ သတ္တုတံများ၊ သစ်သားများဖြင့် ဖြစ်သလိုဆောက်ထားသော တဲလိုလိုအိမ်များဖြင့် ပြည့်နေပြီး ရံဖန်ရံခါ တောင်ခါးပန်းတွင် ပြိုမလိုအိမ်ကလေးများကိုလည်း တွေ့မြင်ရလေ့ရှိသည်။ လူနေအိမ်ရာဈေးကွက်မှာ ပုံစံတကျမဟုတ်သည့် အိမ်ရာများရှိ အပယ်ခံလူတန်းစားများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးကြောင်း ဆင်းရဲသားရပ်ကွက်များရှိ ဆင်းရဲမွဲတေမှုကို ဖြေရှင်းပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့အစည်း Techo မှမစ္စတာလီးဝစ်ဘိုနီလာက ပြောသည်။

ခိုင်မာမှုမရှိသည့် မြေယာပိုင်ခွင့်နှင့် တရားဝင်ပိုင်ဆိုင်မှုစာချုပ်စာတမ်းများမရှိခြင်းက ဖွံ့ဖြိုးရေးစီမံကိန်းများကြောင့် လူသန်းပေါင်းများစွာမှာ နှင်ထုတ်ခံရမည့် အန္တရာယ်ရှိနေသည်ဟု အစီရင်ခံစာတွင်ဖော်ပြ ထားသည်။ အဓမ္မနှင်ထုတ်ခြင်းသည် လက်တင်အမေရိကတွင် လူ့အသိုင်းအဝိုင်းရာပေါင်းများစွာအတွက် နေ့စဉ်အရှိတရားဖြစ်ဟန်ရှိကြောင်းလည်း ဖော်ပြခဲ့သည်။

လေ့လာမှုကို နိုင်ငံတကာဥပဒေအကျိုးဆောင်ကုမ္ပဏီခုနှစ်ခု၊ နည်းပညာကုမ္ပဏီ Hewlett Packard နှင့် Techo တို့မှ ရှေ့နေများက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ လက်တင်အမေရိက၏ အိမ်ရာလိုအပ်ချက် ကိုဖြည့်ဆည်းရန် အိမ်အသစ်သန်း ၅၀ခန့်လိုအပ်သည်ဟု ကုလသမဂ္ဂက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly