လူမှုကွန်ယက် အလွဲသုံးမှုကို အစိုးရက စောင့်ကြည့်၊ ထိန်းကျောင်းရေးအဆို လွှတ်တော်အတည်ပြု

လူမှုကွန်ယက် အလွဲသုံးမှုကို အစိုးရက စောင့်ကြည့်၊ ထိန်းကျောင်းရေးအဆို လွှတ်တော်အတည်ပြု

နေပြည်တော်(နိုဝင်ဘာ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ အိုင်တီ်နည်းပညာ အလွဲသုံးစွဲမှုအတွက် အစိုးရက စောင့်ကြည့်၊ ထိန်းကျောင်းမှု ပြုလုပ်ပေးရန် အဆိုတစ်ရပ်ကို နိုဝင်ဘာ ၈ရက်က ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ဂန့်ဂေါမဲဆန္ဒနယ်မှ NLD အမတ် ဒေါ်ယဉ်မင်းလှိုင် အောက်တိုဘာ ၂၅ရက်က တင်သွင်းသည့် “လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်ခြင်း ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို” အား “အလွဲ” ဟူသည့် စကားလုံး ထပ်ဖြည့်ပြီး ယနေ့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

ယင်းအဆို အတည်မပြုမီ လွှတ်တော်အစည်းအဝေးတွင် အမတ် ၅ဦးက ဆွေးနွေးခဲ့ပြီး ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်ကလည်း လာရောက်ရှင်းလင်းခဲ့သည်။

အဆိုကို ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည့် တပ်မတော်သားအမတ် ဗိုလ်မှူးနေဝင်းက ဆင်းမ်ကတ်ဒ်မှတ်ပုံတင်မှုကို ယခုထက် စနစ်တကျ စိစစ်ကြပ်မတ်ရန်နှင့် ဆိုက်ဘာ ဥပဒေ အမြန်ပြဌာန်းသင့်ကြောင်းလည်း အကြံပြုခဲ့သည်။

ထို့ပြင် “လူမှုကွန်ယက််များကို လူငယ်လူရွယ်များ အလွန်အကျွံ အသုံးပြုနေခြင်း၊ အမုန်းတရားပွားများအောင် မဟုတ်မမှန် လှုံ့ဆော်ဝါဒဖြန့်နေမှုများကိုလည်း လူတစ်ဦးချင်း၏ အသိတရားဖြင့် ဆောင်ရွက်ခြင်း၊ အဖွဲ့အစည်း၊ ဌာနများအလိုက် ပညာပေးကြပ်မတ်ခြင်း၊ မီဒီယာများဖြင့် ကျယ်ပြန့်စွာ အသိပညာပေးခြင်း၊ လူထုကို စည်းရုံးဟောပြောခြင်း၊ ပြစ်မှုကျူးလွန်သူများကိုလည်း တည်ဆဲဥပဒေများနှင့်အညီ ဖော်ထုတ်အရေးယူခြင်းများ ဆောင်ရွက်သင့်ပါကြောင်း” ဟုလည်း ဗိုလ်မှူးနေဝင်းက ဆွေးနွေးခဲ့သည်။

အဆိိုရှင်ဖြစ်သူ ဒေါ်ယဉ်မင်းလှိုင်က ပြည်သူလူထု၏ လွတ်လပ်စွာ အင်တာနက်သုံးစွဲမှုကို ထိန်းချုပ်စေလိုပြီး သူ့အနေဖြင့် အဆိုတင်သွင်းခြင်း မဟုတ်ဟု ယနေ့ လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

“ဖေ့စ်ဘွတ်နဲ့ ပတ်သက်ပြီးတော့ သတင်းမှားတွေ၊ အမုန်းစကား ဖြန့်ချိမှုတွေ၊ ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုတွေ ဒါတွေကိုပဲ” ဟု ဒေါ်ယဉ်မင်းလှိုင်က ဆိုသည်။

အစိုးရအနေဖြင့် အိုင်တီနည်းပညာ အလွဲသုံးစားလုပ်မှု အများစုဖြစ်သည့် ဆိုရှယ်မီဒီယာသုံးစွဲမှုနှင့်ပတ်သက်ပြီး ပြည်သူလူထုအား ပညာပေးခြင်း၊ လိုအပ်သော ဥပဒေများပြဌာန်းခြင်း၊ ဆယ်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်ရ ကုမ္ပဏီများအား ထိန်းသိမ်း ကြပ်မတ်ခြင်းနှင့် ဆိုရှယ်မီဒီယာနှင့် လူမှုကွန်ယက် ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုခုမှ အဆင့်မြင့်နည်းပညာများ အသုံးပြု၍ စောင့်ကြပ်၊ ကြည့်ရှု ဖော်ထုတ်အရေးယူခြင်းတို့ လုပ်ဆောင်သွားမည်ဟု ဝန်ကြီး ဦးသန့်စင်မောင်က လွှတ်တော်တွင် ပြောသည်။

“သတင်းအချက်အလက်တွေကို အမှားအမှန်ဝေဖန်ပိုင်းခြားခြင်း မရှိရင်တော့ လူငယ်လူရွယ်တွေ အကျင့်စာရိတ္တ ပျက်ပြားနိုင်တယ်။ လောင်းကစားမှု ပြုလုပ်တာတွေ ပါလာတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားတာတွေ ပါလာတယ်။ လိင်စေ့ဆော်မှုတွေ ပါလာတယ်။ တစ်ဦးတစ်ယောက်၊ တစ်သင်းတစ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းစေရန်၊ အရှက်ရစေရန် လုပ်ကြံစွပ်စွဲတာတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပေါ်စေရန် လှုံ့ဆော်တာတွေ၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေတာတွေ ဒါ နိုင်ငံတော်နဲ့ နိုင်ငံသားအားလုံးအတွက် ထိခိုက်၊ ဆုံးရှုံး၊ နစ်နာမှုတွေ ဖြစ်စေမှာ” ဟု ၎င်းက ဆိုသည်။

သို့သော် မည်သို့သော ရေးသား၊ မျှဝေမှုမျိုးကို ဖော်ထုတ်၊ အရေးယူမည်ကို ရှင်းရှင်းလင်းလင်း ပြောဆိုခဲ့ခြင်း မရှိပေ။ မည်ကဲ့သို့ စောင့်ကြည့်၊ ထိန်းကျောင်းသွားမည်ကို လွှတ်တော်အမတ်များပင် နားမလည်သည့် အနေအထား ဖြစ်သည်။

“အလွဲသုံးစွဲမှုတွေကို စောင့်ကြည်မယ်ဆိုတာ ဘယ်လိုစောင့်ကြည့်မယ်ဆိုတာကိုတော့ ကိုယ်စားလှယ်တွေအားလုံးပါ ပြန်ပြီးတော့ စောင့်ကြည့်ရမယ့်အနေအထား” ဟု မင်းဘူးမြို့နယ်အမတ် ဦးဝင်းဝင်းက လွှတ်တော်အစည်းအဝေးအပြီးတွင် ပြောသည်။

အဆိုကို ဆွေးနွေးခဲ့သူတစ်ဦးဖြစ်သည့် တပ်မတော်သားအမတ် ဗိုလ်မှူး နေဝင်းကမူ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄(က)အရ ပေးအပ်ထားသည့် အခွင့်အရေးများကို ထည့်သွင်းစဉ်းစားပြီး ထိန်းကျောင်းသင့်သည်ဟု ဆွေးနွေးသည်။

အခြေခံဥပဒေပုဒ်မ ၃၅၄(က)တွင် “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြံုရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိ၏ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့် ရှိသည်” ဟု ပြဌာန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly