‘အမှန်’ ၀င်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၂.၈ ဘီလီယံသာ ဖြစ်

‘အမှန်’ ၀င်ရောက်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ ၂.၈ ဘီလီယံသာ ဖြစ်

ယခုနှစ်၏ ဧပြီလတွင် စတင်ခဲ့သော ၂၀၁၇ -၁၈ ဘဏ္ဍာနှစ် ပထမခြောက်လအတွင်း ပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမှန်တကယ်ဝင်ရောက်မှုမှာ အမေရိကန် ဒေါ်လာ ၂.၈ ဘီလီယံ သာရှိ ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်လိုက်သည်။

 ယင်းပမာဏကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ခွင့်ပြုထားပြီးဖြစ်ကြောင်း DICA က ဖော်ပြထားသည်။

MIC က ၂၀၁၇-၁၈ ဘဏ္ဍာနှစ်၊ စက်တင်ဘာလကုန်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ၄ ဒသမ ၁ ဘီလီယံအထိ ခွင့်ပြုထားသော်လည်း  အမှန်ဝင်ရောက်ထားသည့် ပမာဏမှာ ၂ ဒသမ ၈ ဘီလီယံ ဖြစ်ကြောင်း နို၀င်ဘာလ ရ ရက်နေ့က DICA ၏ ၀က်ဆိုဒ်ဖြစ်သော www.dica.gov.mm တွင် ဖော်ပြထားခြင်းဖြစ်သည်။

ပြည်တွင်းသို့ အမှန်တကယ်ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏကို အခြေခံပြီးမှ တိုင်းပြည်၏ စီးပွားရေးကို တွက်ချက်လို့ရမည်ဖြစ်သောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းမှာ ကောင်းမွန်ကြောင်း စီးပွားရေးမူဝါဒရေးရာ ပညာရှင် ဒေါက်တာအောင်ကိုကိုက ပြောဆိုသည်။

“အဲဒီ တကယ်ဝင်တဲ့ပမာဏကို အခြေခံပြီးမှ တိုင်းပြည်စီးပွားရေးအတွက် Planning တွေက ဆွဲလို့ ရမယ်။ အဲဒါက အရေးကြီးတာပေါ့။ အခုလိုထုတ်ပြန်တယ်ဆိုတာ အင်မတန်ကောင်းတယ်” ဟု ဒေါက်တာအောင်ကိုကို ကဆိုသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုပေးထားသည့်ပမာဏများသည် စာရွက်ပေါ်တွင်သာရှိပြီး အမှန်ဝင်ရောက်ထားခြင်းမဟုတ်ဟု ပြောဆိုနေသောကြောင့် ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်ကာ နောက်ပိုင်းတွင်လည်း သုံးလတစ်ကြိမ် ပုံမှန်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း DICA ၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သလို MIC ၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးက သူ၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags