ကယန်းသမီးပျို လက်ဝှေ့မယ် မူဘယ်ရောနီကာ

08 November 2017
ကယန်းသမီးပျို လက်ဝှေ့မယ် မူဘယ်ရောနီကာ

သူ့နာမည်က "မူဘယ်ရောနီကာ" ဖြစ်ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းဖယ်ခုံမြို့  "ကဖုအရှေ့" ကျေးရွာမှာ မွေးဖွားခဲ့သူဖြစ်ပါတယ်။ သူ့အိမ်ကတော့ သူ့ကို "ဘယ်ရော" လို့ ခေါ်ကြပါတယ်။ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့ ဘယ်ရောဟာ အခုဆိုရင် ကမ္ဘာ့လက်ဝှေ့ ချန်ပီယံပွဲတွေမှာ ဝင်ရောက်ထိုးသတ်သူ ဖြစ်လာနေပါပြီ။ အခုမြင်တွေ့နေရတာကတော့ ချီဖွဲ့မင်္ဂလာပွဲ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဘယ်ရောနီကာဟာ သူတို့လူမျိုးတွေအတွက်ဆိုရင် သူရဲကောင်းလို ဖြစ်နေ တာကြောင့်ရယ် ၊ ဘာသာရေးအရ ဘေးအန္တရာယ်ကင်းအောင် ပြုလုပ်နေတာဖြစ်ပါတယ်။ ဒီလို ဖြစ်မလာခင်မှာ သူဖြတ်သန်းခဲ့ရတဲ့ဘဝက ......

ဒဂုံမြို့မှာ ကျောင်းသွားတက်ရင်းနဲ့ ဘယ်လိုကျောင်းလဲဆိုတော့ လက်ဝှေ့ကျောင်း တက်မလားဆို တော့ ၊ ကိုယ်ကလည်း အထိုးအကြိတ်ဆို ဝါသနာပါတော့ ထိုးမယ်လို့ပြောရင်းနဲ့ လိုက်သွားဖြစ်တာ ပေါ့။ အစ လာခေါ်တဲ့အချိန်မှာ အမေ့ကိုတော့ တိုင်ပင်တယ်။ သူတို့ကတော့ ညနေစောင်းချိန်မှာ လာခေါ်ပြီးတော့ ၊ ညကျတော့ အမေ့ကို ဖုန်းဆက်ပြီးတော့ ပြောတော့ အမေက မသွားခိုင်းဘူး။ ကိုယ်က ဝါသနာပါတော့ လိုက်သွားတယ်။ အိမ်က ခွင့်ပြုချက်မရဘဲနဲ့ ကိုယ့်သဘောနဲ့ကိုယ် ထွက်သွားခဲ့တာပေါ့။

အခက်အခဲကတော အများကြီးရှိတယ်။ အဲဒီအချိန်မှာက အိမ်နဲ့ကလည်း အဆင်မပြေဘူး။ အိမ်ကလည်း အဆင်မပြေဘူး။ ထွက်လာတဲ့အချိန်က ကိုယ့်မှာက ငွေလည်းမရှိဘူး။ အဒေါ် တစ်ယောက်က ငွေ သုံးထောင်ပေးလိုက်တယ်။ အဲဒီသုံးထောင်ကလည်း ကိုယ့်အတွက် အများကြီး တန်ဖိုးရှိတယ်။ မြန်မာစကားကလည်း ကောင်းကောင်း မပြောတတ်ဘူးလေ။ အဲဒီလိုနဲ့ပဲ နေပြည်တော် ကို ရောက်လာခဲ့တယ်။ ကံကောင်းချင်တော့ ငွေ ၅၀၀၀ ကောက်ရခဲ့တယ်။ အဲဒီအချိန်ကတော့ ငွေ ၅၀၀၀ က ကိုယ့်အတွက် အများကြီး တန်ဖိုးရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ရိုးရာ ဓလေ့ထုံးတမ်းတွေနဲ့ ပတ်ဝန်းကျင် နေထိုင်မှုပုံစံတွေကြားမှာ လက်ဝှေ့ထိုးတာဟာ အမျိုးသားတွေ အများစု ပါဝင်ကြပါတယ်။ ဘယ်ရောနီကာ ကတော့ အရေအတွက် နည်းပါးတဲ့ အမျိုးသမီး လက်ဝှေ့သမားတွေထဲက တစ်ယောက်ပါ။ မိခင်ဖြစ်သူကတော့ သူ့ရဲ့သမီးကို တစ်ပါးသူက ထိုးကြိတ်နေတာကို မြင်ရလို့ ဘယ်ရောနီကာရဲ့ လုပ်ရပ်ကို အခုချိန်ထိ သဘောမကျသေးပါဘူး။

 ဂျွန်ဆီဇာ (ကယန်းအမျိုးသမီး အစည်းအရုံး အကြံပေး) ပြောတာကတော့ . . .

ကျွန်တော်တို့အတွက်ကတော့ တကယ့်ကို စံပြသူရဲကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ထား ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အရင်ခေတ်က စစ်သည်သူရဲကောင်းတွေနဲ့ ယှဉ်ပြီးတော့ တိုက်ခိုက်ရ တဲ့ခေတ်ပါ ၊ လက်ရှိမှာ အားကစားဆိုပြီးတော့ ယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့နဲ့ ယှဉ်ပြိုင်ရတဲ့ ခေတ်မှာ ကရင်တွေပေါ့။ သူတို့က လက်ဝှေ့အရမ်းကောင်းကြတယ်။ ပြီးတော့ ကျွန်တော်တို့ ကယန်းတွေက ထွက်ပေါ်လာတာကို ကျွန်တော် အများကြီး ဂုဏ်ယူတယ်။ ပြီးတော့ ဘယ်ရောကာနီ ကမှတစ်ဆင့် ကျွန်တေ်ာတို့က ဆက်ပြီးတော့ ကယန်းပြည်နယ်မှာရှိတဲ့ သူတွေကို ထပ်ပြီးတော့ တွဲခေါ်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ဖခင်ဖြစ်သူကတော့ ဒီလိုရွေးချယ်မှုဟာ ဘယ်ရောနီကာရဲ့ ရွေးချယ်မှုနဲ့ ဘုရားသခင်က ချီးမြှောက် မှုဖြစ်တာကြောင့် သူ့အနေနဲ့ ကျေနပ်တယ်လို့ ဆိုပါတယ်။ သူလုပ်တဲ့အလုပ်တွေကို အမြဲတမ်း ကောင်းအောင် လုပ်နိုင်ပါစေလို့ပဲ ဆန္ဒပြုပါတယ်လို့ ပြောပါတယ်။ သူက သီချင်းဆိုတာကိုလည်း ဝါသနာပါသူဖြစ်ပါတယ်။

သီချင်းဆိုတာကိုက ငယ်ငယ်လေးကတည်းက ဝါသနာပါတာပါ။ မြန်မာအိုင်ဒေါကို သွားဝင်ပြိုင်ဖူး ပါတယ်။ ဒါပေမယ့် သေသေချာချာ လေ့ကျင့်ပြီးလို့ သွားပြိုင်တာမဟုတ်ပါဘူး။ ကိုယ့်ဝါသနာ တစ်ခုတည်းနဲ့ အမတစ်ယောက်က သွားပြိုင်ကြည့်ဆိုလို့ သွားပြိုင်လိုက်တာပါ။ ကိုယ်လည်း Winner တစ်ယောက်တော့ ဖြစ်ချင်တာပေါ့။  အခုလက်ရှိ ဖြစ်ချင်တာကတော့ တစ်ချိန်ချိန် ကိုယ်နားတဲ့အချိန် ကျရင် ကလပ်ထောင်ပြီးတော့ အားကစားတွေကို ပြန်သင်ပေးဖို့တော့ရှိတယ်။     ။

Mizzima Weekly