မော်ရိုကိုနှင့်နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂၀၀ ရာခိုင်နှုန်းအားထုတ်ဖို့ လိုအပ်သည်ဟု အိုင်ဗရီကို့စ်နည်းပြပြော

မော်ရိုကိုနှင့်နောက်ဆုံးကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ၂၀၀ ရာခိုင်နှုန်းအားထုတ်ဖို့ လိုအပ်သည်ဟု အိုင်ဗရီကို့စ်နည်းပြပြော

နိုဝင်ဘာ ၈ ။             ။ မော်ရိုကိုနဲ့ကစားရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နောက်ဆုံးပွဲစဉ်မှာ ၂၀၀ ရာခိုင်နှုန်းအားထုတ်လို့ လိုတယ်လို့ အိုင်ဗရီကို့စ်နည်းပြဝီလ်မော့က ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ မော်ရိုကိုက ၉ မှတ်ရရှိထားပြီး အိုင်ဗရီကို့စ်က ၈ မှတ်ရရှိထားပါတယ်။ အိုင်ဗရီကို့စ်အသင်းအနေနဲ့ မော်ရိုကိုအသင်းကို မဖြစ်မနေအနိုင်ရဖို့လိုအပ်နေပြီး အနိုင်ရမှသာ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။

မော်ရိုကိုနဲ့ပွဲစဉ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်လို့ အနိုင်ရမယ်လို့ နည်းပြဝီလ်မော့က အပြည့်အဝယုံကြည်နေပါတယ်။

“အိုင်ဗရီကို့စ်နိုင်ငံအတွက် ဒီပွဲမှာ ကျွန်တော်တို့အားလုံး ၂၀၀ ရာခိုင်နှုန်းကြိုးစားအားထုတ်ရပါလိမ့်မယ်။ အိုင်ဗရီကို့စ်အသင်း ကမ္ဘာ့ဖလားပြိုင်ပွဲကြီးဆီကိုသွားဖို့ အိုင်ဗရီကို့စ်နိုင်ငံသားတွေအားလုံး လာရောက်အားပေးကြပါလို့ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားရမှာပါ။ ပြိုင်ဘက်ကိုလေးစားပေမယ့် လုံးဝကြောက်ရွံ့မှုမရှိပါဘူး။ ပရိသတ်အားလည်းရှိနေလို့ ကျွန်တော်တို့ အနိုင်ရအောင်ကစားမှာပါ” လို့ ၀ီလ်မော့က ဆိုခဲ့ပါတယ်။

အိုင်ဗရီကို့စ်အသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံးအဆင့်အဖြစ် ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ် ၂ ပွဲမှာ မာလီကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပေမယ့် ဂါဘွန်ကို ၂ ဂိုး ၁ ဂိုးနဲ့ရှုံးနိမ့်ထားပါတယ်။ အိုင်ဗရီကို့စ်အသင်းရဲ့ ၀ါရင့်တိုက်စစ်ကစားသမား ကာလူးကလည်း ပရိသတ်တွေအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် ကစားပေးချင်တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ ကိုယ့်အသင်းကိုယ်ပဲ အာရုံစိုက်ဖို့လိုပါတယ်။ ကျွန်တော်တို့ဘောလုံးသမားဘဝရဲ့နောက်ဆုံးမိနစ် ၉၀ လိုသဘောထားပြီး ယှဉ်ပြိုင်ရပါလိမ့်မယ်။ အိုင်ဗရီကို့စ်ပရိသတ်တွေအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်မှုဆိုတဲ့ဆုလာဒ်ကို ရယူပေးချင်ပါတယ်” လို့ ကာလူးက ဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly