လာမည့်နှစ်ဆန်းပိုင်းတွင် ဘဏ်မတူသည့် MPU ကတ်အချင်းချင်း ငွေလွှဲပြောင်းနိုင်မည်

လာမည့်နှစ်ဆန်းပိုင်းတွင် ဘဏ်မတူသည့် MPU ကတ်အချင်းချင်း ငွေလွှဲပြောင်းနိုင်မည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

နိုဝင်ဘာ ၈ ။           ။ ပြည်တွင်းဘဏ်များမှ ထုတ်ဝေသည့် MPU ကတ်များအချင်းချင်း လာမည့်နှစ် ဇန်နဝါရီလဆန်းပိုင်းမှစ၍ ငွေလွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း Myanmar Payment Union (MPU) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

ထုတ်ဝေသော ဘဏ်မတူသည့် MPU ကတ်အချင်းချင်း ATM စက်များမှ တစ်ဆင့်ငွေလွှဲပြောင်းနိုင်ရန် MPU ပြင်ဆင်နေသည်မှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း Myanmar Payment Union (MPU) အဖွဲ့၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းထွဋ်က ပြောသည်။

“ဇန်နဝါရီလဆို ပြီးမယ်။ပြီးရင် ဘဏ်တွေကလာ Join(ချိတ်ဆက်)ရမယ်။ Join ပြီးရင် စသုံးလို့ရမယ်။ Join တာ နှစ်ဘဏ်ရှိရင် နှစ်ဘဏ်ပေးလို့ရမယ်။ သုံးဘဏ်ရှိရင် သုံးဘဏ်ပေးလို့ ရမယ်။ အဓိကက ဘဏ်တွေပေါ် မူတည်တယ်”ဟု ဦးဇော်လင်းထွဋ်က ဆိုသည်။

ထိုသို့ လွှဲပြောင်းနိုင်ပါက သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ပြီး ဘဏ်ပိတ်ချိန်များတွင်မူ ကတ်အချင်းချင်း ငွေလွှဲပြောင်းနိုင်မည်ဖြစ်ကြောင်း Myanmar Payment Union(MPU) အဖွဲ့ ထံမှ သိရသည်။

သို့သော် အဆိုပါဝန်ဆောင်မှုတွင်  MPU  အကြွေးဝယ်ကတ်(Credit Card)များအချင်းချင်း ငွေလွှဲပြောင်း နိုင်ခြင်းရှိ၊ မရှိမှာသက်ဆိုင်ရာ ထုတ်ဝေပေးထားသည့် ဘဏ်များ၏ မူဝါဒအပေါ်မူတည်ကြောင်းလည်း ဦးဇော်လင်းထွဋ်က ရှင်းပြသည်။

“အကြွေးဝယ်ကတ်တွေ ရ၊မရ ဆိုတာက ဘဏ်တွေရဲ့ Policy ပေါ်မှာ မူတည်တယ်။ သက်ဆိုင်ရာ ဘဏ်က ခွင့်ပြုရင်ရမယ်။ များသောအားဖြင့်တော့ ဘဏ်တွေလည်း အဲလိုဝန်ဆောင်မှုကို Debit Card ပဲ ပေးတာများတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိတွင် MPU ကတ်သုံးစွဲသူ သုံးသန်းခွဲခန့်ရှိပြီး  ATM စက်တပ်ဆင်ထားရှိမှုမှာမူ တစ်နိုင်ငံလုံးတွင် သုံးထောင့်ရှစ်ရာခန့်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly