အရှေ့တောင်အာရှကုမ္ပဏီ များခေါင်းဆောင်မှု အကျပ်အတည်းနှင့် ကြံုတွေ့ရမည်

အရှေ့တောင်အာရှကုမ္ပဏီ များခေါင်းဆောင်မှု အကျပ်အတည်းနှင့် ကြံုတွေ့ရမည်

ကွာလာလမ်ပူ၊ သြဂုတ်-၁၈ ။        ။ အရှေ့တောင်အာရှဒေသရှိ ကုမ္ပဏီများမှာ ခေါင်းဆောင်မှုအရည်အချင်း ကင်းမဲ့နေကြပြီး လူ့စွမ်းအားရင်းမြစ်နှင့် စီးပွားရေးခေါင်းဆောင်များ၏ ၈၆ရာခိုင်နှုန်းမှာ ထိုအကျပ်အတည်းအတွင်း ကျရောက်နေကြသည်ဟု Deloitteက ပြုစုခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၂၀၀၄ခုနှစ်တွင် ဒုတိယအရေးအကြီးဆုံးပြဿနာအဖြစ် သတ်မှတ်ခဲ့သည့် ခေါင်းဆောင်မှုလှစ်ဟာမှုမှာ ယခုနှစ်တွင် ဒေသတွင်းရှိ လူ့စွမ်းအားရင်းမြစ်နှင့် စီးပွားရေးခေါင်းဆောင်များအတွက် ပိုမိုအရေးကြီး သည်းသန်လာလိမ့်မည်ဟု Deloitte ၏ ‘အရှေ့တောင်အာရှ လူသားအရင်းအနှီးလမ်းကြောင်း ၂၀၁၅’’အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

စီးပွားရေးနှင့် အိပ်ချ်အာ ခေါင်းဆောင်များအနေဖြင့် အလုပ်ကမ္ဘာသစ်နှင့် လိုက်ဖက်ညီအောင် ချိန်ညှိရမည်ဖြစ်ပြီး၊ လူသားအရင်းအနှီးကို ယဉ်ကျေးမှုအရ ခွဲဖြာနေသည့် ဈေးကွက်များ၊ ဆင့်ကဲတိုး တက်ပြောင်းလဲလာသည့် စီးပွားရေးဝန်းကျင်များနှင့် အံဝင်ခွင်ကျဖြစ်အောင် ပုံစံထုတ်ရန် လိုအပ်သည်ဟုလည်း အစီရင်ခံစာတွင် ပြောကြားထားသည်။

အစီရင်ခံစာတွင် စစ်တမ်းကောက်ထားသူ အားလုံးလိုလိုက ၎င်းတို့၏လုပ်ငန်းများအတွက် ခေါင်းဆောင်မှုမှာ အတော်အတန်အရေးကြီးကြောင်း အသိအမှတ်ပြုကြသော်လည်း ကုမ္ပဏီအများစု မှာခေါင်းဆောင်မှု ကိုယ်ရည်ကိုယ်သွေးကို ဖွံ့ဖြိုးလာစေရန် ကြိုးစားရုန်းကန်နေရဆဲ အနေအထားတွင် ရှိနေကြသည်ဟု ဆိုသည်။

‘ခေါင်းဆောင်မှုအရည်အချင်းသာလျှင် အနာဂတ်မှာ ကုမ္ပဏီအဖွဲ့အစည်းတွေ လက်ကိုင်ထားရမယ့် တစ်ခုတည်းသော ရေရှည်တည်တံတဲ့ ယှဉ်ပြိုင်စွမ်းရည်လို့ ကျွန်တော်တို့က ယုံကြည်ပါတယ်’’ဟု Deloitte ၏ အတိုင်ပင်ခံအမှုဆောင်ဒါရိုက်တာ နစ်ကီ ဝိက်ဖီးက ပြောကြားခဲ့သည်။ ဒေသတွင်းရှိ ကုမ္ပဏီအဖွဲ့အစည်း ၅၇ခု၏ တုန့်ပြန်ဖြေကြားချက်များအပေါ် အခြေခံ၍ ဤအစီရင်ခံစာ ကိုပြုစုထားခြင်း ပင်ဖြစ်သည်။

တုံ့ပြန်ဖြေကြားသည့် အဖွဲ့အစည်းများ၏ ၅ရာခိုင်နှုန်းသာလျှင် ခေါင်းဆောင်မှုဖွံ့ဖြိုးရေးအစီအစဉ်များဖြင့် ခေါင်းဆောင်မှုအကျပ်အတည်းကို ဖြေရှင်းရန် အဆင်သင့်ပြင်ဆင်ထားကြသည်ဟု ဆိုသည်။

အရှေ့တောင်အာရှ၏ လျင်မြန်သော စီးပွားရေးဖွံ့ဖြိုးမှုက မြင့်မားသော ခေါင်းဆောင်မှုအရည်အသွေးကို တောင်းဆိုလျှက်ရှိနေသော်လည်း ယင်းအရည်အချင်းကင်းမဲ့မှုက ဖွံ့ဖြိုးမှုကို ဆုတ်ဆိုင်းနှေးကွေးနေစေသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly