ခွန်တန်ကို အမှုဖွင့်တာ ကာယကံရှင် မိန်းကလေး လက်မခံပေမယ့် ပြေးမလွတ်ဘူးလို့ သာဝန်ပြော

ခွန်တန်ကို အမှုဖွင့်တာ ကာယကံရှင် မိန်းကလေး လက်မခံပေမယ့် ပြေးမလွတ်ဘူးလို့ သာဝန်ပြော

နေပြည်တော်(နိုဝင်ဘာ ၈ရက်၊ ၂၀၁၇ခုနှစ်)။ ။ တိမ်းရှောင်နေသူ ခွန်တန်(ခ)ဇာတ်လိုက်အား သမီးရှင်တစ်ဦး၏ ဖခင်ဖြစ်သူက အမှုဖွင့်တိုင်ကြားထားသော်လည်း အဆိုပါ တိုင်ကြားမှုကို ဇနီးနှင့် သမီးဖြစ်သူကိုယ်တိုင်က ကန့်ကွက်ထားသည်ဟု သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ပြောကြားသည်။

“ခွန်တန် တိမ်းရှောင်နေပါတယ်။ သမီးရှင်တစ်ဦးရဲ့ ဖခင်က မွန်ပြည်နယ် အစိုးရထံမှာ တိုင်ကြားအမှုဖွင့်ထားပါတယ်။ သို့သော် သမီးရဲ့ ကိုယ်တိုင်နဲ့ သမီးအမေကိုယ်တိုင်က ကန့်ကွက်ထားပါတယ်။ အမှုဖွင့်တာကို လက်မခံပါဘူး။ ကာကယံရှင်ကိုယ်တိုင်က လက်ခံနေပါတယ်” ဟု နိုဝင်ဘာ ၈ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် သူရဦးအောင်ကိုက သတင်းထောက်များကို ပြောသည်။

ခွန်တန်(ခ)ဇာတ်လိုက်သည် သထုံမြို့နယ်၊ အလံတစ်ရာနယ်မြေရှိ အမျိုးသမီးငယ် အနည်းဆုံး (၆)ဦးကို ဘာသာတရားယုံကြည်မှုအပေါ် အခွင့်ကောင်းယူ လက်ထပ်ခဲ့ပြီး လက်ရှိတွင် တိမ်းရှောင်နေသောကြောင့် ၎င်းအား ဗုဒ္ဓသာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က)ဖြင့် အရေးယူရန် ညှိနှိုင်းနေပြီဟု ဝန်ကြီး သူရဦးအောင်ကိုက ဆက်လက်ပြောကြားသည်။

“ပြေးမလွတ်တဲ့ အချက်တစ်ချက်ကတော့ ဗုဒ္ဓသာသနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က)နဲ့ဆိုရင်တော့ ပြေးမလွတ်ပါဘူး။ သို့ကြောင့် ခွန်တန်ကို ၂၉၅(က)နဲ့ ထိရောက်စွာ အရေးယူသွားဖို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၅(က)တွင် ပြည်ထောင်စုနိုင်ငံတော်တွင် နေထိုင်သော လူတစား၏ ဘာသာရေးစိတ်ကို နာကြည်းစေ ရန် တမင်မသမာသောအကြံဖြင့် မည်သူမဆို၊ စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဍာန်ဖြင့်ဖြစ်စေ၊ ထိုလူတစားကိုးကွယ် သည့်ဘာသာသာသနာကိုသော်၄င်း၊ ဘာသာ သာသနာရေးယုံကြည်မှုကိုသော်၄င်း၊ စော်ကားလျှင်၊ သို့တည်းမဟုတ် စော်ကားရန်အား ထုတ်လျှင်၊ ထိုသူကို နှစ်နှစ်ထိထောင်ဒဏ် တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဌာန်းထားသည်။

အသက်(၂၅)နှစ်အရွယ် ခွန်တန်(ခ)ဇာတ်လိုက်သည် အလံတစ်ရာဆရာတော် ဝင်စားသည်ဟုဆိုကာ ဒေသခံအချို့က ယုံကြည်ကိုးကွယ်နေခြင်းဖြစ်ပြီး ထိုကိုးကွယ်ယုံကြည်မှုကို အခွင့်ကောင်းယူကာ ၂၀၁၄ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း အလံတစ်ရာနယ်မြေရှိ တိုင်းရင်းသူအမျိုးသမီးငယ် ၆ဦးကို ခွန်တန်က လက်ထပ်ခဲ့သည်။

ခွန်တန်(ခ) ဇာတ်လိုက် နှစ်သက်သူ အမျိုးသမီးသယ်များကို အကျိုးဆောင်များက မိဘများထံ သွားရောက်ပြောဆိုကာ လက်ထပ်ထိမ်းမြားပေးရသည်။ သို့သော် ယုံကြည်ကိုးကွယ်သူများက အပြစ်ကျူးလွန်မှုဟု မယူဆကြပေ။

အမျိုးသမီးငယ်များကို လက်ထပ်ပြီးပါက တစ်ဦးလျှင် နှစ်လခန့်သာ ပေါင်းသင်းပြီး ထိုအမျိုးသမီးငယ်များကို တရားဝင်ကွာရှင်းခြင်းမရှိဘဲ မိဘနေအိမ်တွင်ပင် နေထိုင်စေခြင်းကြောင့် ငွေပေး၍ အမျိုးသမီးငယ်များကို ဖျက်ဆီးခြင်းဖြစ်ဖြစ်သည်ဟု မွန်ပြည်နယ်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်စံဝင့်ခိုင်က ပြောဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly