အစိုးရပိုင်၊ အများပိုင်မြေများအား ကျူးကျော်သူနှင့် အကျင့်ပျက်ဝန်ထမ်းများအား ထောင်ဒဏ်ပါ ချမှတ်အရေးယူရန် ဆွေးနွေး

အစိုးရပိုင်၊ အများပိုင်မြေများအား ကျူးကျော်သူနှင့် အကျင့်ပျက်ဝန်ထမ်းများအား ထောင်ဒဏ်ပါ ချမှတ်အရေးယူရန် ဆွေးနွေး

နိုဝင်ဘာ ရ ။            ။ ဧရာဝတီတိုင်းဒေသကြီးရှိ အစိုးရဆိုင်ရာဌာနပိုင်မြေ၊ အများပိုင်မြေများ ကျုးကျော်ထားမှုများအား ကိုင်တွယ် ရာတွင်  ကျူးကျော်သူများနှင့် အကျင့်ပျက်ဝန်ထမ်း များအား ငွေဒဏ်အပြင် ထောင်ဒဏ်ပါ ချမှတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူရန် ဝါးခယ်မမြို့နယ်၊ တိုင်းဒေသကြီးကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက ထောက်ပြ ဆွေးနွေးခဲ့သည်။

"ဥပဒေချိုးဖောက်တာ စည်းကမ်းမလိုက်နာတာ အပြစ်ကျုးလွန်တာကို ရှက်ရကောင်းမှန်း မသိကြပဲ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ငွေပေးပြီး ကိုယ့်စိတ်ကြိုက်လုပ်နေတဲ့သူတွေ အကြံအဖန်ကျုးကျော်တွေ အကျင့်ပျက်ဝန်ထမ်းတွေ အရှက်တရားအကြောက်တရား အသိတရားမရ်ိှဘဲ စည်းကမ်းချိုးဖောက်ဖို့ဝန်မလေးတဲ့သူ ဥပဒေမလေးစားမလိုက်နာ အရာရာကို ငွေကြေးနဲ့လာဘ်ပေးပြီး   ဖြေရှင်းချင်တဲ့သူတွေကို ငွေဒဏ်ရော၊ ထောင်ဒဏ်ပါ ချမှတ်ပြီး ပြင်းပြင်းထန်ထန်အရေးယူပေးပါရန်”ဟု ဝါးခယ်မမြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ဥပဒေချိုးဖောက်မှုများအား ထောက်ပြဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏မြို့နယ်များ၊မြို့၊ကျေးရွာကြီးများမီ အများပိုင်မြေ၊ အစိုးရပိုင်မြေနှင့် စည်ပင်သာယာပိုင် မြေများပေါ်တွင် ကျုးကျော်၍ အဆောက်အဦများ ဆောက်ထားခြင်း၊ခြံဝန်းများ ကာရံထားခြင်းနှင့် အမျိုးမျိုး ကျုးကျော်နေသည်များကို စည်းမျဉ်းစည်းကမ်း၊ဥပဒေများနှင့် စိစစ်ကြပ်မတ်ပေးပါရန် တိုက်တွန်းကြောင်းအဆို အား ဝါးခယ်မမြို့နယ်တိုင်းဒေသကြီးကိုယ်စားလှယ်ဦးဌေးအောင်က တင်သွင်းခဲ့ခြင်း ဖြစ်သည်။

သက်ဆိုင်ရာဌာနများအနေဖြင့် ယင်းကျူးကိစ္စများအား မှန်မှန်ကန်ကန်ဆောင်ရွက်ရန်ကိုပါ ဝါးခယ်မမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းက ဆွေးနွေးခဲ့ပြီး အမှန်တကယ် ကျူးကျော်ဖြစ်ပါက ဆောင်ရွက်ပေးသင့်ရန်များကိုပါ ထည့်သွင်းဆွေးနွေးခဲ့သည်။

"သက်ဆိုင်ရာဌာနက ဝန်ထမ်းများအနေဖြင့်ကျုးကျော်ကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတော်ရဲ့ မူဝါဒများ တည်ဆဲဥပဒေများပါ ပြဋ္ဌာန်းချက်များထက် ဘောင်ကျော်နေသလား၊ မညီညွတ်ဖြစ်နေသလား။   ဆောင်ရွက်ဖို့  လိုသေးလား မဆောင်ရွက်ဘဲ ပျက်ကွက်နေတာလားဆိုတာ ဆန်းစစ်လေ့လာသုံးသပ်ပြီး အမှန်အကန် ကျုးတာလား၊အကြံအဖန်ကျုးတာလားဆိုတာသိဖို့၊ ကျုးကျော်သမျှ သေသေချာချာစာရင်းကောက်ယူပါ၊ ဖြိုသင့်ရင်ဖြို ၊ဖျက်သင့်ရင်ဖျက် စာရင်းပြုစုပါ၊ အကြောင်းမညီညွတ်လို့ အဆင်မပြေရင် လစဉ်အခွန်နှုန်း သတ်မှတ်ပြီး၊ နှစ်စဉ်ကြေးဆောင်ခိုင်းပါ၊ ဥပဒေချိုးဖောက်မှုအတွက် သီးသန့်ဒဏ်ငွေဆောင်ခိုင်းပါ၊ အမှန်တကယ် နေထိုင်စရာမရှိတဲ့ ကျုးကျော်တွေအတွက် နေရာရှာပေးပါ၊ နေစရာအစား ရှာမရခင် ဒုက္ခသည်အဖြစ် ခေတ္တနေထိုင်ဖို့ စီစဉ်ပေးပါ”ဟုမြို့နယ်များကျုးကျော်ကိစ္စနှင့်ပတ်သက်သည့်အဆိုအား ဝါးခယ်မမြို့နယ်၊ တိုင်းကိုယ်စားလှယ်ဒေါ်မြင့်မြင့်စန်းက လွှတ်တော်တွင်ဆွေးနွေးသည်။

သက်ဆိုင်ရာဌာနရဲ့ ဝန်ကြီးများကလည်း ညွန်ကြားချက်တွေ စည်းမျဉ်းစည်းကမ်းတွေကို အမြန်ဆုံးထုတ်ပြီး ထိထိရောက်ရောက် ဆောင်ရွက်ပြရန်လိုကြောင်း ၎င်းကဆက်လက်အကြံပြုခဲ့သည်။ ထို့ပြင် ကျူးကျော်မှုတွင် သက်ဆိုင်ရာများ ဥပက္ခာ ပြုထားကြသည်ဟုလည်း ထောက်ပြပြောဆိုခဲ့သေးသည်။

“ အိမ်နယ်နိမိတ်ကိုကျုးကျော်တာ မြေစာရင်းဦးစီးမှာ တာဝန်ရှိပါတယ်၊ လမ်းမကြီးနယ်နိမိတ်နဲ့ ပတ်သက်ပြီး ဥပဒေကို ချိုးဖောက်ကျုးကျော်တာ၊  လမ်းဦးစီးမှာ တာဝန်ရှိတယ်၊စည်ပင်နယ်နိမိတ်နဲ့ ပတ်သက်ပြီး စျေးတွေ၊ လမ်းတွေ အိမ်တွေကျုးကျော်တာဟာ စည်ပင်ကော်မတီမှာ တာဝန်ရှိတယ်၊အဲဒီလို တောရောမြို့ပါ မကျန် စည်းပျက်ကမ်းပျက်ဖြစ်နေကြတာ ရပ်ကွက်ကျေးရွာ မြို့နယ်အုပ်ချုပ်ရေးမှူးတွေမှာ တာဝန်ရှိတယ်၊ ဘာကြောင့်တာဝန်ရှိသူတွေ အားလုံးတာဝန်သိစိတ်နဲ့အရေးမယူဘဲ တာဝန်မဲ့စိတ်နဲ့ဥပေက္ခာပြုထားကြတာလဲ” ဟု ကျုးကျော်ကိစ္စတာဝန်ရှိသူများ ကိုယ်စားလှယ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly