ဒေးဗစ်မိုရက်စ်အား နည်းပြသစ်အဖြစ် ၀က်စ်ဟမ်းအသင်း တရားဝင်ခန့်အပ်

ဒေးဗစ်မိုရက်စ်အား နည်းပြသစ်အဖြစ် ၀က်စ်ဟမ်းအသင်း တရားဝင်ခန့်အပ်

နိုဝင်ဘာ ရ၊ အင်္ဂလန် ။            ။ ၀က်စ်ဟမ်းအသင်းသည် မန်ယူနည်းပြဟောင်း ဒေးဗစ်မိုရက်စ်ကို အသင်း၏နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ပြီ ဖြစ်သည်။

၀က်စ်ဟမ်းအသင်းသည် ရာသီအစရလဒ်များဆိုးရွားမှုကြောင်း ပြီးခဲ့သည့်တနင်္လာနေ့က နည်းပြဘီလစ်ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး မိုရက်စ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ရန် သဘောတူညီခဲ့သည်။ ထို့နောက် ယနေ့အင်္ဂါနေ့တွင် မိုရက်စ်နှင့် လက်မှတ်ရေးထိုးကာ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်လိုက်ခြင်း ဖြစ်သည်။

၀က်စ်ဟမ်းအသင်းသည် အဲဗာတန်၊ မန်ယူနှင့်ဆန်ဒါးလန်းအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသည့် မိုရက်စ်ကို ရာသီကုန်အထိသာ ကနဦးစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။

၀က်စ်ဟမ်းနည်းပြဖြစ်လာပြီးနောက်တွင် မိုရက်စ်က ၀က်စ်ဟမ်းပရိသတ်များအား အသင်းကို အပြည့်အဝထောက်ခံမှုပေးကြရန် တိုက်တွန်းတောင်းဆိုလိုက်သည်။

“ပရိသတ်တွေအနေနဲ့အသင်းကို အပြည့်အဝထောက်ခံအားပေးကြဖို့ မျှော်လင့်ပါတယ်။ သူတို့ရဲ့ထောက်ခံအားပေးမှုကို ကျွန်တော်တို့ လိုအပ်ပါတယ်။ အားလုံးပူးပေါင်းပါ၀င်ဖို့ လိုပါတယ်။ လက်ထဲကို ကြီးမားတဲ့ အလုပ်တစ်ခုတော့ ရောက်ရှိနေပါပြီ။ အခုအချိန်ကစလို့ ရာသီပြီးဆုံးချိန်အထိ ကာလအတွင်းမှာ ကျွန်တော်တို့ရလဒ်ကောင်းတွေ အတူတကွ ရယူနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု မိုရက်စ်က ဆိုခဲ့သည်။

မိုရက်စ်သည် လာမည့်ကြာသပတေးနေ့တွင် အသင်းနှင့်အတူ လေ့ကျင့်ခန်းစတင်ပြုလုပ်မည်ဖြစ်ပြီး နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကစားရမည့် ၀က်ဖို့ဒ်နှင့်ပွဲတွင် ၀က်စ်ဟမ်းအသင်းကို ပထမဆုံးနည်းပြမည် ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly