ရန်ကုန်တိုင်းအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ပူးပေါင်းပြီး မောင်တောရှိ ပန်းတောပြင် နှင့် ကိုင်းကြီးရွာတို့တွင် နေအိမ်များ ဆောက်သွားမည်

ရန်ကုန်တိုင်းအစိုးရနှင့် မွန်ပြည်နယ်အစိုးရတို့ပူးပေါင်းပြီး မောင်တောရှိ ပန်းတောပြင် နှင့် ကိုင်းကြီးရွာတို့တွင် နေအိမ်များ ဆောက်သွားမည်

ရန်ကုန် ၊ နိုဝင်ဘာ ရ ။             ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ် မောင်တောမြို့နယ် ပန်းတောပြင်ကျေးရွာနှင့် ကိုင်းကြီးကျေးရွာတို့တွင် နေအိမ်များ ဆောက်လုပ်လှူဒါန်းသွားမည်ဟု ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"ပန်းတောပြင်ရွာမှာက အိမ် ၂၂ လုံး ၊ ကိုင်းကြီးရွာမှာက အိမ်အလုံး ၅၀ ပေါ့နော် ၊ အိမ်တင်မကဘူး၊ ရေရော မီးရော ခြံစည်းရိုးတွေရော အကုန်လုပ်ပေးမယ်" ဟု ဒေါ်နီလာကျော်က ပြောသည်။

မောင်တောမြို့နှင့် ၂ မိုင်ခန့် အကွာတွင် ရှိနေသည့် ပန်းတောပြင်ကျေးရွာသည် မွတ်စလင်ဘာသာဝင်များ နေထိုင်ရာ ရွာဖြစ်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း မီးလောင်ပျက်စီးသွားသည့် ကျေးရွာတစ်ရွာ လည်းဖြစ်သလို မောင်တောမြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသည့် ကိုင်းကြီးကျေးရွာသည် မြိုတိုင်းရင်းသားများ နေထိုင်ရာရွာ ဖြစ်သည်။

အဆိုပါ တည်ဆောက်ရေးနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က အဓိက တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရထံ လှူဒါန်းထားသည့်ငွေများနှင့် စေတနာရှင်များက ထည့်ဝင်သည့်ငွေများကို သုံးစွဲသွားမည်ဟု ဒေါ်နီလာကျော်က ဆိုသည်။

"အဆောက်အဦ ဆောက်ပေးရုံတင်မကဘူး။ အဲ့ရွာတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်ရရှိရေး ဒါတွေအတွက်ပါ ဦးစားပေးဆောင်ရွက်ပေးမယ်၊ လိုအပ်ရင် စာသင်ကျောင်းတို့ ဆေးခန်းတို့ကိုပါ ဆက်ဆောက်သွားမယ်" ဟု ဒေါ်နီလာကျော်က ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း မြိုတိုင်းရင်းသားများနေထိုင်ရန် မောင်တောမြို့၊ သစ်တုံးနားဂွဆုံ တွင် နေအိမ် အလုံး ၃၀ မှ ၄၀ ကြား တည်ဆောက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ၏ ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ်အနက် နေအိမ်များ ပြန်လည်ဆောက်လုပ်ပေးရေး ကို စတင် အကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly