မွန်တွင် တက္ကစီယာဉ်မောင်းကို သတ်၍ ဆိုင်ကယ်လုယူထွက်ပြေးသူကို ရန်ကုန်တိုင်းတွင် ဖမ်းမိ

မွန်တွင် တက္ကစီယာဉ်မောင်းကို သတ်၍ ဆိုင်ကယ်လုယူထွက်ပြေးသူကို ရန်ကုန်တိုင်းတွင် ဖမ်းမိ

မွန် ၊ နိုဝင်ဘာ ရ ။           ။ မွန်ပြည်နယ်၊ ပေါင်မြို့၊ မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်တွင် ဆိုင်ကယ်တက္ကစီယာဉ်မောင်းကို သတ်၍ ဆိုင်ကယ်လုယူထွက်ပြေးသူကို  နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်အတွင်းမှ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း မုတ္တမနယ်မြေရဲစခန်းမှူး ရဲအုပ် အောင်မင်းကြည်က ပြောသည်။

"သေဆုံးတဲ့လူဆီက လုယူသွားတဲ့ ဆိုင်ကယ်နဲ့အတူ အခင်းဖြစ်ပွားပြီး ခုနှစ်ရက်အတွင်း စုံစမ်းဖမ်းဆီး ရမိခဲ့တာပါ" ဟု ၎င်းက ပြောဆိုသည်။

မုတ္တမကျေးရွာ၊ မြင်းတပ်ရပ်ကွက်ရှိ လမ်းကြားတွင် အောက်တိုဘာ ၃၀ ရက် နံနက် ရ နာရီခန့်က  အမျိုးသားတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေရာ မော်လမြိုင်မြို့၊ ဒိုင်ဝန်းကွင်းရပ်နေ ကိုသန်းဇော်မိုးဖြစ်ပြီး သုံးဘီးယာဉ်အသင်းအဖွဲ့ဝင် အကျင်္ ီဝတ်ဆင်၍ ၎င်း၏ ညာဘက် ရင်အုံ၊ ဝမ်းဗိုက်၊ လည်ပင်းနှင့် လက်ဖျံတို့၌ ထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်စီဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုသန်းဇော်မိုး၏ အလောင်းကို မုတ္တမတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး သေဆုံးသူ၌ ကျန်ရှိနေသည့် သဲလွန်စ သက်သေပစ္စည်းများကို သိမ်းဆည်း၍ လူသတ်သွားသူ ဖမ်းဆီးရမိရေးတွက်  စစ်ဆေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးဆောင်ရွက်နေစဉ် ရွှေဖလား သဲကျောက်လုပ်ငန်းမှ အလုပ်သမား ဗိုလ်ကျော်မှာ အခင်းဖြစ်ပွားသည့် အောက်တိုဘာ ၂၉ ရက်နေ့ညက လုပ်ငန်းခွင်အတွင်း ပြန်လည်အိပ်စက်ခြင်းမရှိဘဲ   ပျောက်ဆုံးနေသည်ကို  စုံစမ်းသိရှိခဲ့ရကြောင်း ရဲအုပ် အောင်မင်းကြည်က ပြောဆိုသည်။

"သေဆုံးသွားတဲ့ ကိုသန်းဇော်မိုးရဲ့ ပတ်ဝန်းကျင်က လူတွေကနေ စုံစမ်းလို့ သိရှိခဲ့တဲ့ အချက်တွေနဲ့ ရွှေဖလား သဲကျောက်လုပ်ငန်းခွင်က အလုပ်သမားဖြစ်တဲ့ ဗိုလ်ကျော်ဆိုတဲ့လူက လုပ်အားခတွေလည်း မထုတ်ယူဘဲ အကြောင်းမဲ့ ပျောက်ဆုံးနေတယ်"၎င်းက ပြောသည်။

သေဆုံးခဲ့သည့် ကိုသန်းဇော်မိုး အသတ်ခံရမှုနှင့် ပတ်သက်၍ မော်လမြိုင် သံလွင်တံတား CCTV မှတ်တမ်းများမှ ရှာဖွေခြင်းများနှင့် ၎င်းမသေဆုံးခင်အချိန်ထိ အတူသွားလာနေထိုင်သူများကို လိုက်လံစုံစမ်း စစ်ဆေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပြီး ခိုင်လုံသော သက်သေအထောက်အထားများ ရရှိခဲ့သဖြင့် လူသတ်ဆိုင်ကယ်လုယူထွက်ပြေးသွားသူ ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ ဇောတိကကျေးရွာနေ ဗိုလ်ကျော် (ခ) ကျော်ဇင်ထက်ကို လိုက်လံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သေဆုံးသူ ကိုသန်းဇော်မိုးကို ဓားဖြင့်ထိုးသတ်ပြီး ဆိုင်ကယ်လုယူ ခဲ့သည့် ဗိုလ်ကျော် (ခ) ကျော်ဇင်ထက်ကို မုတ္တမနယ်မြေရဲစခန်းမှ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်   စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲအုပ်အောင်မင်းကြည်က ပြောဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly