တတိယမြောက်ပူးပေါင်းမှုရလာဒ် Hilton Mandalay ဟိုတယ်ကို နို၀င်ဘာလ နောက်ဆုံးပတ်၌ ဖွင့်လှစ်မည်

တတိယမြောက်ပူးပေါင်းမှုရလာဒ် Hilton Mandalay ဟိုတယ်ကို နို၀င်ဘာလ နောက်ဆုံးပတ်၌ ဖွင့်လှစ်မည်

“ကျွန်တော်တို့အနေနဲ့ Hilton Brand ထက် မြင့်တဲ့ CONRAD Brand လိုမျိုးလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလို Hilton Garden Inn လို ဟာမျိုးကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ဖို့အတွက် ညှိုနှိုင်းနေပါတယ်။ Hilton Garden Inn ကတော့ ရန်ကုန်မှာဖြစ်ဖို့များပါတယ်။ CONRAD ကတော့ ပုဂံမှာဖြစ်ဖို့များပါတယ်”

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ စွမ်းအင်၊ စိုက်ပျိုးရေးကဏ္ဍ၊ ဆောက်လုပ်ရေးနှင့် ဘဏ်လုပ်ငန်းများတွင် တွန်းတိုက် လုပ်ကိုင်နေသော ပြည်တွင်းစီးပွားရေးလုပ်ငန်းစု ‘ဧဒင်’ ၏ လုပ်ငန်းခွဲဖြစ်သည့် ဧဒင်ဟိုတယ်နှင့် အပန်းဖြေလုပ်ငန်းမှ အမေရိကန်အမှတ်တံဆိပ် Hilton ၏ စီမံခန့်မှုနှင့် ၀န်ဆောင်မှုများကိုရယူလျက်  ယင်းတို့၏ တတိယမြောက် ဟိုတယ် တစ်လုံးကို အထက်မြန်မာပြည်၏ စီးပွားရေးဗဟိုချက်မဖြစ်သည့် မန္တလေးမြို့တော်တွင် နို၀င်ဘာလ နောက်ဆုံးသီတင်းပတ်၌ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၏ ဧဒင်အုပ်စု ဥက္ကဌဖြစ်သူ ဦးချစ်ခိုင်က မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို   ဖြေကြားထားသည်။

“ဖွင့်လှစ်မယ့်ရက်အတိအကျက နို၀င်ဘာလ ၂၇ ရက်နေ့ဖြစ်ပါတယ်” ဟု ဦးချစ်ခိုင်က ပြောသည်။

မန္တလေးနန်းတော်နှင့် မန္တလေးတောင်တော်ကို မျက်နှာမူထားသည့် ဟီ(လ) တန် မန္တလေး- Hilton Mandalay ဟိုတယ် သည် အိမ်တော်ရာဘုရား၊ မဟာမြတ်မုနိဘုရားကြီးနှင့် ရွှေနန်းတော်ကျောင်း စသော မြို့တော်၏ အဓိကကျသည့် ယဉ်ကျေးမှုဆွဲဆောင်ရာနေရာများမှ သယ်ယူပို့ဆောင်ရေး ဘတ်(စ)ကားများဖြင့် အချိန် ၁၀ မိနစ် အကွာအဝေးတွင် တည် ရှိသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂၀ ခန့်က စင်ကာပူအခြေစိုက် Keppel Land Hospitality ၏ စီမံခန့်ခွဲမှုလက်အောက်၌ လည်ပတ်ခဲ့သော မန္တလေး ဆီဒိုးနား-Mandalay Sedona ကို ဧဒင်အုပ်စုမှ ၀ယ်ယူထားကာ ကမ္ဘာကျော် ဟိုတယ်နှင့် ဧည့်သည်ဝန်ဆောင်ရေး စီမံခန့်ခွဲမှုလုပ်ငန်းဖြစ်သည့် Hilton အုပ်စုမှ Hilton Mandalay အမည်ဖြစ် ပြောင်းလဲဆန်းသစ်တော့မည်ဖြစ်သည်။

“ဟီ(လ)တန်-Hilton က နိုင်ငံပေါင်း ၁၀၀ လောက်မှာ ဟိုတယ်ပေါင်း ၅၀၀၀ ကျော်ကို စီမံခန့်ခွဲနေတဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်၊ ဒါကြောင့် နည်းပညာအရရော၊ Service Industry မှာ  သူတို့ရဲ့ ဆောင်ရွက်ချက်က ထိပ်ဆုံးမှာရှိတဲ့ အဖွဲ့အစည်းကြီးဖြစ်တာကြောင့် ကျွန်တော်တို့နိုင်ငံအတွက် အတွေ့အကြံုအများကြီးကို သယ်ဆောင်လာလိမ့်မယ်” ဟု ဧဒင်၏ ဥက္ကဌ ဦးချစ်ခိုင်က ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုအနေနှင့် ယခင်လွှဲပြောင်းဝယ်ယူခဲ့သော တန်ဘိုးဖြစ်သည့် အမေရိကန်ဒေါ်လာ သန်း ၄၀ အပြင် နောက်ထပ် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ထပ်မံရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဦးချစ်ခိုင်က မဇ္စျိမကို ပြောသည်။

ကနဦး ၀ယ်ယူမှုအတွက် လုပ်ငန်းချေးငွေကို မြန်မာပြည်တွင် နိုင်ငံခြားဘဏ်ခွဲဖွင့်လှစ်ခွင့်ရရှိထားသည့် စင်ကာပူအခြေစိုက် UOB ဘဏ်ထံမှ ရယူခဲ့သည်ဟု ဦးချစ်ခိုင်က ဆိုသည်။

“ ဒီအတွက်လုပ်ငန်းချေးငွေကို UOB ဘဏ်ကနေ ရယူခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သန်း ၄၀ လုံးမဟုတ်ပါဘူး။ အဲဒိရဲ့ ၆၅ ရာခိုင်နှုန်းကို ချေးငွေယူခဲ့တာပါ” ဟု ဧဒင်အုပ်စု၏ ဥက္ကဌ ဦးချစ်ခိုင်က မဇ္စျိမကို ပြောသည်။

ဧဒင်အုပ်စုအနေနှင့် ၂၀၁၃ ခုနှစ်ကတည်းကပင် ဟီ(လ) တန်- Hilton စီမံခန့်ခွဲမှုလုပ်ငန်းနှင့် ပူးပေါင်းထားပြီး မြန်မာပြည်၏ နိုင်ငံခြားသားဧည့်သည်များ ၀င်ထွက်သွားလာမှုများသော မြို့များတွင် ဟိုတယ်နှင့် အပန်းဖြေနေရာများ ဖွင့်လှစ်ရန် သဘောတူထားပြီးဖြစ်သည်။

ဦးချစ်ခိုင်က “ လက်ရှိအခြေအနေမှာတော့ ၅ ခုကတော့ အခိုင်အမာဆုံးဖြတ်ထားတာပေါ့နော်၊ ဒါထက်တိုးချဲ့ဖို့ဆိုတာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာလည်း မူတည်တာပေါ့။ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းကလည်း စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဖွံ့ဖြိုးလာမယ်ဆိုတဲ့အခါမှာ လိုအပ်ချက်တွေဟာ လက်ရှိ ကျွန်တော်တို့ လုပ်နိုင်တဲ့ နယ်ပယ်နဲ့ လုပ်နိုင်တဲ့ ဒေသတွေကနေပြီးတော့ ပိုကျယ်ပြန့်လာမယ့် ဒေသတွေ ပေါ်ပေါက်လာတဲ့အခါမှာ ထပ်တိုးချဲ့သွားမယ့် အလားအလာတွေကို မျှော်လင့်ထားပါတယ်” ဟု ယခုနှစ် သြဂုတ်လကုန်က ဟီ(လ) တန် နေပြည်တော်-Hilton Nay Pyi Taw ၌ ပြုလုပ်သော ဟီ(လ)တန်၏ အသက်မွေးသင်တန်းကျောင်းဆင်းပွဲအခမ်းအနားတွင် မဇ္စျိမမီဒီယာကို ပြောဆိုခဲ့ဖူးသည်။

လက်ရှိတွင် ငပလီနှင့် နေပြည်တော်တို့တွင် ဟီ(လ) တန်- Hilton ဟိုတယ်နှင့် အပန်းဖြေနေရာ ၂ ခုကို ဖွင့်လှစ်ထားပြီးဖြစ်ကာ နို၀င်ဘာလကုန်ပိုင်း၌ အခမ်းအနားဖြင့် ဖွင့်လှစ်သွားမည့် ဟီ(လ) တန် မန္တလေး- Hilton Mandalay သည် ဧဒင်အုပ်စုနှင့် ဟီ(လ)တန် တို့၏ တတိယမြောက် ခြေလှမ်းဖြစ်လာမည်ဖြစ်သည်။

ဧဒင်အုပ်စုသည် လာမည့် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ်တို့တွင် ခရီးသွားဒေသများဖြစ်သော ပုဂံနှင့် အင်းလေးတို့တွင် ဟီ(လ) တန်- Hilton ဟိုတယ်များ အစဉ်လိုက် ဖွင့်လှစ်သွားမည်ဖြစ်သည်။

အဆိုပါ ဟိုတယ်များအပြင် ယင်းထက်ပိုမို အဆင့်မြင့်သော CONRAD BRAND များကို ဟီ(လ) တန်-Hilton နှင့် ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိသလို Hilton Garden Inn တို့ကိုပါ ဆက်လက်ဖွင့်လှစ်သွားရန် ညှိုနှိုင်းလျက်ရှိကြောင်း ဦးချစ်ခိုင်က ပြောဆိုဖူးသည်။

“ကျွန်တော်တို့အနေနဲ့ Hilton Brand ထက် မြင့်တဲ့ CONRAD Brand လိုမျိုးလည်း ပူးပေါင်းဆောင်ရွက်ဖို့ ရှိသလို Hilton Garden Inn လို ဟာမျိုးကိုလည်း ကျွန်တော်တို့ ဆောင်ရွက်ဖို့အတွက် ညှိုနှိုင်းနေပါတယ်။ Hilton Garden Inn ကတော့ ရန်ကုန်မှာဖြစ်ဖို့များပါတယ်။ CONRAD ကတော့ ပုဂံမှာဖြစ်ဖို့များပါတယ်”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags