ဥရောပရဲ့ တန်ဖိုးအကြီးဆုံး လူစာရင်းအဖြစ် မန်စီးတီးနှင့် စပါးအသင်းတို့ သတ်မှတ်ခံရ

ဥရောပရဲ့ တန်ဖိုးအကြီးဆုံး လူစာရင်းအဖြစ် မန်စီးတီးနှင့် စပါးအသင်းတို့ သတ်မှတ်ခံရ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာစီးတီးဟာ ဥရောပထိပ်သီးလိဂ် ၅ ခုမှာ တန်ဖိုးအကြီးဆုံး လူစာရင်းကို ပိုင်ဆိုင်ထားပြီး ဘာစီလိုနာနှင့် ရီးယဲလ်အသင်းတို့ရဲ့ လူစာရင်းထက် စပါးအသင်းရဲ့ လူစာရင်းက တန်ဖိုးပိုကြီးကြောင်း CIES ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဘောလုံးနှင့် ပတ်သက်တဲ့ အချက်အလက်များကို စောင့်ကြည့်လေ့လာမှုပြုနေတဲ့ CIES အဖွဲ့အစည်းရဲ့ သုတေသနအရ ဥရောပထိပ်သီးလိဂ် ၅ ခုမှ ကစားသမားတစ်ဦးချင်းစီရဲ့ လက်ရှိခြေစွမ်းနှင့် ပြောင်းရွှေ့မှု စျေးကွက်အနေအထားပေါ် မူတည်ကာ တန်းဖိုးဖြတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ မန်စီးတီးအသင်းရဲ့ လူစာရင်း တန်ဖိုးမှာ ပေါင်(၁.၀၆) ဘီလီယံဖြင့် တန်ဖိုးအကြီးဆုံးအသင်းအဖြစ် ရပ်နေပြီး ၎င်းတို့ရဲ့ တန်ဖိုးအကြီးဆုံးကစားသမား ဒီဘရိုင်းနားဖြစ်ပါတယ်။ ဘယ်လ်ဂျီယံကစားသမားဟာ ပေါင် ၁၂၈ သန်းခန့် တန်ကြေးရှိပါတယ်။

ဒါ့အပြင် စီးတီးရဲ့ လူငယ်ကစားသမား ၃ ဦးဖြစ်တဲ့ ဆာနေး (ပေါင် ၁၀၄ သန်း)၊ စတာလင် (ပေါင် ၁၀၄ သန်း) နှင့် ဂျီဆပ်စ် (ပေါင် ၉၃)တို့ဟာ ယူရိုသန်း ၁၀၀ ကျော် တန်ဖိုးမှာရှိနေပါတယ်။

စပါးအသင်းရဲ့ လူစာရင်းတန်းဖိုးကိုတော့ ပေါင် ၁.၀၄ တန်ဖိုးရှိကြောင်း CIES က တွက်ချက်ထားပါတယ်။ ဒီအသင်းရဲ့ တန်ဖိုးအကြီးဆုံးကစားသမားကတော့ ဟယ်ရီကိန်း (ပေါင် ၁၆၄ သန်း)ဖြစ်ပြီး ပရီးမီးယားလိဂ်ကစားသမားထဲမှာလည်း တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။ 

အံ့သြစရာကောင်းတာက မက်ဆီဟာ ဘာစီလိုနာရဲ့ တန်ဖိုးအကြီးဆုံး ကစားသမားမဟုတ်တာကို တွေ့ရပါတယ်။ သွင်းဂိုးတွေအတွက် ရုန်းကန်နေရပေမယ့် ဆွာရက်ဇ်က ပေါင် ၁၁၈.၅၄ သန်းနဲ့ အသင်းရဲ့ တန်ဖိုးအကြီးဆုံး ကစားသမားဖြစ်နေပါတယ်။ မက်ဆီကတော့ ပေါင် ၁၀၃.၇ သန်း တန်ဖိုးရှိတယ်လို့ ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ပေါင် ၁ ဘီလီယံ တန်ကြေးရှိတဲ့ အသင်းအဖြစ် သတ်မှတ်ခံရပေမယ့် ရီးယဲလ်အသင်းမှာမူ ပေါင် ရ၉၈ သန်းသာ သတ်မှတ်ခံရတဲ့အတွက် ထိပ်ဆုံး ၅ သင်းရဲ့ ပြင်ပမှာ ရောက်ရှိနေခဲ့ပါတယ်။

ချယ်လ်ဆီး (ပေါင် ၉၂၃ ဘီလီယံ) နှင့် မန်ယူ (ပေါင် ၈၁၃ သန်း) အသင်းတို့ဟာ တန်ဖိုးအကြီးဆုံး လူစာရင်းရဲ့ ထိပ်ဆုံး ၅ သင်းထဲ ဝင်ရောက်ခဲ့ပါတယ်။

CIES ရဲ့ စာရင်းမှာတော့ လူကာကူ (ပေါင် ၁၄၆ သန်း)ဟာ ဆွာရက်ဇ်၊ ချယ်လ်ဆီးရဲ့ တန်ဖိုးအကြီးဆုံး ကစားသမား ဟာဇက်နှင့် ရီးယဲလ်ရဲ့ စီရော်လ်နယ်ဒိုတို့ထက် တန်ဖိုးပိုကြီးတာကို တွေ့ရပါတယ်။

စီရော်လ်နယ်ဟာ ပေါင် ၈၄ သန်း တန်းဖိုးရှိပြီး ဘေးလ်မှာ ပေါင် ၄၈ သန်းရှိကြောင်း CIES က သတ်မှတ်ထားပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ တန်းဖိုးအကြီးဆုံးကစားသမားမှာ နေမာ ပေါင် (၁၉၂ သန်း)ဖြစ်ပြီး အသင်းရဲ့ လူစာရင်းတန်ဖိုးကတော့ ပေါင် ရ၆၄ သန်း ဖြစ်ပါတယ်။

အက်သက်လက်တီကိုနှင့် ဂျူဗင်တပ်စ်အသင်းတို့မှာ ပေါင် ရ၀၇ သန်းနှင့် ပေါင် ၆၅၇ သန်း အသီးသီးအဖြစ် ထိပ်ဆုံး ၁၀ သင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

လူစာရင်း တန်ဖိုးအကြီးဆုံး အသင်း (၁၀)သင်း

အသင်း                 တန်ဖိုး(ပေါင်)
မန်စီးတီး             ၁.၀၆ ဘီလီယံ
စပါး                    ၁.၀၄ ဘီလီယံ
ဘာစီလိုနာ          ၁ ဘီလီယံ
ချယ်လ်ဆီး           ၉၂၃ သန်း
မန်ယူ                 ၈၁၃ သန်း
ရီးယဲလ်              ရ၉၈ သန်း
လီဗာပူးလ်          ရ၉၇ သန်း
ပီအက်စ်ဂျီ           ၇၆၄ သန်း
အက်သလက်      ရ၀၇ သန်း
ဂျူဗင်တပ်စ်         ၆၅၇ သန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly