ဖြိုးကိုကိုတင့်ဆန်း၏ ခယ်မ ပိုင်သည့် စားသောက်ဆိုင်များ နေပြည်တော်လွှတ်တော်ထဲက ထွက်ခွာ

ဖြိုးကိုကိုတင့်ဆန်း၏ ခယ်မ ပိုင်သည့် စားသောက်ဆိုင်များ နေပြည်တော်လွှတ်တော်ထဲက ထွက်ခွာ
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဖြိုးကိုကိုတင့်ဆန်း၏ ခယ်မတော်စပ်သူ ပိုင်ဆိုင်သည့် နေပြည်တော်လွှတ်တော်ဝင်းအတွင်းက စားသောက်ဆိုင်များ ရပ်ဆိုင်းကာ ယင်းဆိုင်များ၏နေရာတွင် နိုဝင်ဘာ ၆ရက်ကစပြီး ဆိုင်အသစ်များဖြင့် အစားထိုးလိုက်သည်။

ဖြိုးကိုကိုတင့်ဆန်း၏ ညီအရင်းဖြစ်သူ ဦးစံကိုကိုတင့်ဆန်း၏ ဇနီးပိုင်ဆိုင်သော “ဘောဂသိဒ္ဓိ” အမည်ရှိ Restaurant and catering သည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တို့တွင် နံနက်စာနှင့် နေ့လည်စာများ ရောင်းချလာသည်မှာ ရနှစ်ခန့်ရှိပြီဖြစ်သော်လည်း အောက်တိုဘာ လကုန်ပိုင်းကစပြီး လုပ်ငန်းများ ရပ်ဆိုင်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့ ဆယ်စုနှစ်တစ်ခုနီးပါး လုပ်ကိုင်လာသည့်လုပ်ငန်းကို ၎င်းတို့၏ သဘောဆန္ဒဖြင့် ရပ်ဆိုင်းခြင်းဖြစ်သည်ဟု ပြည်သူ့လွှတ်တော်မှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

“သူတို့ မရောင်းဘူးဆိုလို့ လူသစ်ရှာရတာ” ဟု ၎င်းက ဆိုသည်။

ထို့ပြင် လွှတ်တော်တွင်း လာရောက်ရောင်းချသည့် ဆိုင်များသည် လုံခြံုရေးအရ တာဝန်ရှိသူ လူကြီးများ၏ ထောက်ခံချက်လိုအပ်ကြောင်း၊ ဘောဂသိဒ္ဓိ အနေဖြင့် မိမိသဘောဖြင့် မထွက်ခွာပါကလည်း နောက်ပိုင်းတွင် လုံခြံုရေးအရ ထွက်ခွာရနိုင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“သူတို့ကိစ္စနဲ့သူတို့ကိုး။ ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ အဓိက ကျွန်တော်တို့ဆီကကျ လုံခြံုရေးပြန်ကြည့်ရတော့ နောက်ပိုင်းကျရင်လည်း သူ့ဟာသူ ထွက်ရမှာလည်း သူသိမှာပေါ့” ဟု အထက်ပါ အရာရှိဖြစ်သူက နိုဝင်ဘာ ၆ရက် ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီးတွင် မီဒီယာများကို ပြောသည်။

ဘောဂသိဒ္ဓိ Restaurant and catering မှ တာဝန်ရှိသူကမူ ၎င်းတို့အနေဖြင့် မိမိဆန္ဒအလျောက် လုပ်ငန်းများ ရပ်ဆိုင်းခြင်းမဟုတ်ဘဲ လုံခြံုရေး အကြောင်းပြချက်ဖြင့် လွှတ်တော်ဘက်က လက်တွဲဖြုတ်ခဲ့ခြင်းဖြစ်သည်ဟု မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ဆန္ဒနဲ့ ထွက်လာတာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူကြီးတွေနဲ့တော့ ခေါ်တွေ့တယ်။ တနွယ်ငင် တစင်ပါ ပေါ့ဗျာ။ လုံခြံုရေးအနေအထားကြောင့် ကျွန်တော်တို့နဲ့ လက်တွဲဖြုတ်တယ်ပေါ့။ ဒါကလည်း သူတို့သဘောပါ။ သူတို့မှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်” ဟု အဆိုပါ တာဝန်ရှိသူက အောက်တိုဘာ ၆ရက်၊ ညနေပိုင်းတွင် ပြောဆိုသည်။

“ဝန်ထမ်းတွေ အယောက် ၁၀၀နီးပါး ရှိတာကိုး။ ကျွန်တော်တို့အတွက် ထိခိုက်နစ်နာမှုတော့ ရှိတယ်ဗျ” ဟုလည်း ၎င်းက ပြောသည်။

လက်ရှိတွင် ရပ်ဆိုင်းသွားသည့် ဘောဂသိဒ္ဓိ Restaurant and catering နေရာများတွင် အမျိုးသားလွှတ်တော်အမတ်ဟောင်း ဦးခက်ထိန််နန် ပိုင်ဆိုင်သည့် Peace အပါအဝင် စစ်မှန်၊ မောခမ်းနွံနှင့် ရန်ကုန်စတိုင်လ် စသည့် စားသောက်ဆိုင်များက ရောင်းချခွင့် ရရှိထားသည်။

လွှတ်တော်တွင်းရှိ စားသောက်ဆိုင်များနှင့်ပတ်သက်ပြီး မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးဖေသန်းက “ဘာလို့ ဆိုင်းပြောင်းသလဲ ကျွန်တော်မသိဘူး။ ဒါပေမယ့် လွှတ်တော်ထဲမှာ စားသောက်ဆိုင်တွေရှိတာ ကျွန်တော်တို့အတွက် နည်းနည်းအဆင်ပြေတာပေါ့။ ဖြစ်စေချင်တာက ကွာလတီလည်း ကောင်းရမယ်။ ဈေးလည်းချိုရမယ်” ဟု မှတ်ချက်ပြုသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးထံမှ တရားမဝင် လက်နက်များနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို နေပြည်တော်လေဆိပ်တွင် အောက်တိုဘာ ၁၅ရက် ညပိုင်းက သိမ်းဆည်းရမိခဲ့ရာမှာ လက်ရှိတွင် ကွင်းဆက်တရားခံများဟု ရဲတပ်ဖွဲ့က ယူဆထားသူ ၁၅ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မပေါင်း ၁၇ခုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly