မောင်တောရှိ မြိုတိုင်းရင်းသားများနေထိုင်ရန် အိမ်များ ဧရာဝတီတိုင်းအစိုးရမှ ဆောက်လုပ်ပေးမည်

မောင်တောရှိ မြိုတိုင်းရင်းသားများနေထိုင်ရန် အိမ်များ ဧရာဝတီတိုင်းအစိုးရမှ ဆောက်လုပ်ပေးမည်

ပုသိမ်၊ နိုဝင်ဘာ ၆ ။             ။ ရခိုင်ပြည်နယ်၊ မောင်တောတွင် မြိုတိုင်းရင်းသားများနေထိုင်ရန် အိမ်များကို ဧရာဝတီတိုင်းအစိုးရမှ ဆောက်လုပ်ပေးသွားမည် ဖြစ်ပြီး လက်ရှိတွင် နေအိမ် ၁၀ လုံးခန့် စတင်ဆောက်လုပ်နေကြောင်း သိရသည်။

"ကျွန်တော်တို့လုပ်မှာ မောင်တောမြို့၊သစ်တုံးနား ဂွဆုံမှာ အိမ်ရာတွေ ဆောက်ပေးဖို့ပါ၊ မောင်တောမြို့နယ်၊ ၃၃ မိုင်လောက်ဝေးတယ်။ အဲဒီမှာနေတာက မြို့တို့၊ ခမီတို့ သက်တို့၊ မဒါမာကြီးတို့ ရှိနေထိုင်ပြီး မြိုလူမျိုးတွေ နေဖို့ အတွက်ကို ရခိုင်ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီး ဆောင်ရွက်ထားတာ ဖြစ်တယ်။ ပေ ၄၀၊ ပေ ၆၀ အကွက်ပေါင်း ၈၆ ကွက် ရှိတယ်၊ကျွန်တော်တို့ရယ် တခြားတိုင်းနှင့်ပြည်နယ်တွေပါ ပူးပေါင်းလုပ်မှာပါ။  ၈၆ ကွက် လျာထားတယ်။  ဒီဇိုင်းလည်း ရှိပြီးသားပါ ၊ကျွန်တော်တို့တိုင်းက ရသလောက်ဆောက်သွားမှာပါ လောလောဆယ်တော့ ဆယ်လုံးကို စတင်ဆောက်လုပ်နေပြီဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။

အိမ်တစ်လုံးလျှင် ခန့်မှန်းကုန်ကျငွေ ကျပ် သိန်း ရ၀ နှင့် သိန်း ၈၀ ကြားတွင် ကုန်ကျရန် ခန့်မှန်းထားပြီး ဧရာဝတီတိုင်းအစိုးရမှ အိမ်အလုံး ၃၀ နှင့် ၄၀ ကြား ဆောက်လုပ်မည်ဖြစ်သည်။

“ ဆောက်လုပ်တဲ့ အခါမှာ ဒေသခံတွေအလုပ်ရရှိရေးရော၊ဆောက်လုပ်တဲ့အခါမှာ သူတို့လိုအပ်ချက်တွေ အတိုင်း ဆောက်လုပ်သွားမှာပါ။ ဒေသခံတွေဆီမှာ အုတ်ဖုတ်ပြီးသားရှိရင်လည်း ဝယ်ပေးမှာပါ။ ဒေသခံတွေ ရောင်းရအောင်လို့ပါ၊ တပြိုင်တည်း ဆောက်ရင် မြန်မြန်ပြီးမှာ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် လူသားချင်း စာနာအကူအညီပေးနိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီးမှ ဝန်ကြီးချုပ် ဦးမန်းဂျော်နီ ဦးဆောင်ပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် မောင်တောမြို့သို့ သွားရောက်ကြည့်ရှုခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက်က နိုင်ငံတော်၏ အတုင်ပင်ခံပုဂ္ဂိုလ် ရခိုင်ပြည်နယ်သို့ သွားရောက်စဉ် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေး လိုက်ပါခဲ့သည်။

“ အားလုံးရယ်အကူအညီနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်စာနာတဲ့အထောက်အပံ့တွေပေးမှာပါ အလှူငွေရအောင် ကြိုးစားပြီး ဆောင်ရွက်နေပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်စွမ်းအင်၊ စက်မှုလက်မှု နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက ပြောသည်။

အဆိုပါ လူသားချင်းစာနာအကူအညီပေးနိုင်ရေးအတွက် တိုင်းအစိုးရအဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရတို့ ပထမအကြိမ်တွေ့ဆုံဆွေးနွေးထားပြီးဖြစ်ပြီး ဆက်လက်လုပ်ငန်းများလုပ်ဆောင်နိုင်ရင်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD အနေဖြင့် ဦးစားပေးလုပ်ငန်းစဉ် ၃ ရပ်အနက် နေအိမ်များ ပြန်လည်   ဆောက်လုပ်ပေးရေးကို စတင်အကောင်ထည်ဖော်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly