ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်

မန္တလေး၊နိုဝင်ဘာ ၆ ။            ။ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နိုဝင်ဘာလ ၆ ရက်၊နံနက် ၉ နာရီက မန္တလေးမြို့၊ အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဝေက " ရည်ရွယ်ချက်ကတော့ ကလေးတွေ၊ လူငယ်တွေ မျိုးဆက်သစ်လူငယ်တွေ စာဖတ်ဖို့ပဲ။ အဓိကတော့ စာဖတ်ရှိန်မြှင့်တင်ဖို့ ဆောင်ရွက်တာဖြစ်ပါတယ်"ဟု ပြောသည်။

ယခုလိုစာဖတ်ရှိန်မြှင့်တင်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ ပူးပေါင်းလုပ်ဆောင်ခြင်းမှာ မန္တလေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ပြီး အခြေခံပညာအထက်တန်းကျောင်း ၅ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅ ကျောင်းတို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောမှုများနှင့် ရုပ်သေးဖျော်ဖြေမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး၊စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်မမနိုင်က"ကလေးတွေ စာဖတ်ခြင်းရဲ့ စွမ်းအားကြောင့် လူတစ်ယောက်ဘဝကို တိုးတက်ပြောင်းလဲစေတာအပြင် ဆင်းရဲတွင်းက လွှတ်မြောက်စေတာ ဟာ စာပေပညာဆိုတာကို ရင်ထဲကို တိုက်ရိုက်ထိအောင် ရုပ်သေးပညာနဲ့အနုပညာနဲ့ ပြတယ်။ကလေးတွေက ရုပ်သေးဆိုတာလည်း မမြင်ဘူးကြတော့ဘူး။ အခုလို ဖျော်ဖြေရေးနဲ့ဆိုတော့ သူတို့ရင်ထဲ တိုက်ရိုက်ရောက်ပါ တယ်။"ဟုပြောသည်။

အဆိုပါအခမ်းအနားတွင် ဦးဘုန်း(ဓာတု)မှ စာပေအကြောင်းအရာများကို ဟောပြောခဲ့ပြီး မြန်မာနိုင်ငံရုပ်စုံ အသင်းကြီးမှ "ယနေ့ စာဖတ်သောသူ အနာဂတ်ခေါင်းဆောင်ဖြစ်မည့်လူ" ရုပ်သေးပြဇာတ်ဖြင့် ပညာပေး ကပြဖျော်ဖြေခဲ့သည်။

ထိုသို့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲများကို နိုဝင်ဘာလ ၁၀၊၁၇၊၂၂၊၂၇ရက်တို့တွင် အမှတ်(၁၄)၊(၄)၊ (၈)၊(၂၆) အခြေခံအထက်တန်းကျောင်းများတွင် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly