လာနီညာကြောင့် ဆောင်းသီးနှံများ အပျက်အစီးဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

လာနီညာကြောင့် ဆောင်းသီးနှံများ အပျက်အစီးဖြစ်နိုင်ကြောင်း ဒေါက်တာထွန်းလွင် သတိပေး

ရန်ကုန်၊ နိုဝင်ဘာ - ၆ ။            ။ ယခု ဆောင်းရာသီဝင်စပြုပြီး လာနီညာ အစပြုနေပြီဖြစ်သောကြောင့် ထပ်မံ အားကောင်းလာပါက တောင်သူလယ်သမားများအနေဖြင့် ဆောင်းသီးနှံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးပြောဆိုလိုက်သည်။

ယခုနှစ်တွင် ပြီးခဲ့သည့်နှစ်ထက် အအေးပိုုနိုင်ပြီး ရာသီဥတု ဖောက်ပြန်မှု ဖြစ်လာမည်ဟုလည်း ၄င်းက ခန့်မှန်း ထားသည်။

“အခု လာနီညာဆောင်းဖြစ်ဖို့ ရှိနေတာပဲလေ။ လာနီညာ အားကောင်းလာရင်တော့ ဆောင်းက အအေးပိုမယ်။ အခုစဖြစ်နေပြီ။ တချို့နေရာတွေ မနှစ်ကထက် ပိုအေးမှာတော့ သေချာတယ် ။ အကြမ်းအားဖြင့်တော့ အအေးလှိုင်းဖြတ်မယ်။ မိုးရွာမယ်၊ ဆောင်းသီးနှံတွေအပေါ် အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ် ” ဟု မိုးလေဝသပညာရှင် ဦးထွန်းလွင်က သုံးသပ်သည်။

လာနီညာသည် ယခုနှစ်ဆောင်းတွင် ဖြစ်နိုင်ခြေ ၆၅ ရာခိုင်နှုန်းနီးပါး ရှိနေပြီး ထပ်မံတိုးလာဖွယ်ရှိနေသလို အားကောင်းလာပါက မိုးရွာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းတိုု့ဖြစ်နိုင်ကြောင်း မိုးလေဝသမှ ခန့်မှန်းထားသည်။

ထိုသို့ လာနီညာ အားကောင်းလာပါက အစဉ်အလာအရ ချင်းပြည်နယ် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်၊ ရန်ကုန်ုတိုင်းတွင်လည်း ပြီးခဲ့သည့်နှစ်ထက် အအေးပိုနိုင်သည်ဟု ဦးထွန်းလွင်က ဆိုသည်။

ရာသီဥတု ပြောင်းလဲမှုများနှင့်ပတ်သက်၍ ဒေါက်တာ ဒေါ်လွင်လွင်ဝေ (ဒါရိုက်တာ-Insight Institute for Environment) က ပြောင်းလဲလာမည့် ရာသီဥတုနှင့်အညီ လိုက်လျောညီထွေ နေနိုင်မည့် Action Plan များ ရေးဆွဲရန်လိုအပ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်ထောင်စုအဆင့် Action Plan များရှိနေသော်လည်း အကောင် အထည်ဖော်မှု ပိုင်းတွင် အားနည်းနေကြောင်း သုံးသပ်ထားသည်။

“ကျွန်မတို့ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုများတယ် ။ သစ်တောပြုန်းတီးမှု များတယ်ဆိုရင် ကျွန်မတို့ သွားနေမှာ ရာသီဥတုပြောင်းလဲ မှုဆီပေါ့။ အပူလွန်ခြင်း၊ အအေးလွန်ခြင်း တွေ ဖြစ်လာတော့တာပဲ။ နောက်ပြီး တော့ စက်ရုံ အလုပ်ရုံတွေရဲ့ ကာဗွန်ထုတ်လွှတ်မှုကို ပြောမယ်ဆိုရင် Pollution (လေထုညစ်ညမ်းမှု) ပေါ့။  ဒီ Pollution ကိုလည်း ကျွန်မတို့ဆီမှာ ညွှန်ကြားချက်ထုတ်ထားတာတော့ ရှိတယ်။ ဥပဒေအရလေ၊ လေထု ထုတ်လွှင့်မှု ဘယ်လောက်ရှိမယ်။ ရေနဲ့ ပတ်သတ်လာရင် ဘယ်လောက်သန့်စင်ထုတ်လွှတ်မှုပေါ့။ ပတ်ဝန်းကျင် အရည်အသွေးနဲ့ ပတ်သတ်ပြီးတော့ ညွန်ကြားချက်တော့ ရှိတယ်။ ဒါပေမယ့် စက်ရုံ အလုပ်ရုံတွေရဲ့ လိုက်နာမှုကတော့ အားနည်းနေတုန်းပဲ ကျွန်မမြင်တာပေါ့လေ” ဟု ဒေါ်ဝေဝေလွင်က ပြောသည်။

အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများသည် သစ်တောပြုန်းတီးမှု၊ ဒီရေတော ပြုန်းတီးမှု၊ ရေဝင်ရေလွှဲဧရိယာ မထိန်းသိမ်းနိုင်ခြင်းများအပြင် စက်ရုံအလုပ်ရုံများ၏ ကာဗွန်ထုတ်လုပ်မှုများ ကြောင့် ဖြစ်ပြီး ကာဗွန်ဒိုင် အောက်ဆိုက် ထုတ်လွှတ်မှုများကို ထိန်းချုပ်ရန်နှင့် သစ်တောပြုန်းတီးမှုများကို ကာကွယ်ရန် အရေးတကြီး လိုအပ်နေကြောင်းလည်း သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက အကြိမ်ကြိမ် ထောက်ပြထားသည်။

ရာသီဥတုပြောင်းလဲမှုကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးလာခြင်း၊ သစ်တောပြုန်းတီးမှုမတဆင့် တောတွင်း တိရိစ္ဆာများနှင့် အပင်များ သီးပွင့်ချိန် ၊ ပေါက်ပွားချိန် ပုံမှန် မရှိခြင်းကြောင့် ဇီဝမျိုးတုန်း ပျောက်ကွယ်ခြင်းများ ဖြစ်စေနိုင်သလို အပူချိန် မြင့်တက်သည့်အတွက် ကူးစက်ရောဂါများ ဖြစ်ပွားလာခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးခြင်း ဝေဒနာတို့ကြောင့် ကျန်းမာရေး အန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အသိပညာပေး စာအုပ်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly