မကွေးတွင် ကြက်သွန်နီစျေး ယခင်နှစ်ကထက် သုံးဆနီးပါး စျေးတက်

မကွေးတွင် ကြက်သွန်နီစျေး ယခင်နှစ်ကထက် သုံးဆနီးပါး စျေးတက်

မကွေး၊ နိုဝင်ဘာ ၆ ။           ။ မကွေးမြို့ပေါ်ရှိ စျေးများတွင် ကြက်သွန်နီစျေးနှုန်းမှာ ယခင်နှစ် ရောင်းချသည့်စျေးနှုန်းထက် သုံးဆနီးပါးစျေးမြင့်တက်ခဲ့ကြောင်း သိရသည်။

ယခင်နှစ် ကြက်သွန်နီစျေးမှာ ၁ပိသာလျှင် အမြင့်ဆုံး ရ၀၀ ကျပ်မှ ၈၀၀ ကျပ်အထိသာ အရောင်းဝယ်ဖြစ် ခဲ့ပြီး ယခုနှစ်တွင် ကြက်သွန်နီ ၁ပိသာလျှင် ၂၄၀၀ ကျပ်မှ၂၈၀၀ ကျပ် စျေးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသခံများထံက သိရှိရသည်။

“ ပခုက္ကူ့မြို့မှာ ဒီနေ့ ဒိုင်ဖြတ်စျေးက ၁၉၅၀ ကျပ်စျေး ရှိပါတယ်။ အရင်ရက်တွေကထက် စျေးနှုန်းက ၁၀၀ ကျပ်ကနေ ၂၀၀ ကျပ်အထိ စျေးနည်းနည်းကျစပြုလာပါတယ်။ ရာသီဥတုကလည်း သိပ်မမှန်တော ့အ ရင်နှစ်တွေကထက် အထွက်နည်းတာလည်း ပါတယ်လေ။ ဒိုင်စျေး ၁၉၅၀ကျပ်ကတော ့ကြက်သွန်အလုံးသန့် တာပေါ့။ ၁၇၂၅ ကျပ်စျေးတန်က အလုံးမသန့်ဘူးဗျ” ဟု ပခုက္ကူ မြို့မှ ကြက်သွန်လုပ်ငန်းလုပ်ကိုင်သူ ကိုမ်ိုး ဦးက ပြောသည်။

ကြက်သွန် လက်လီစျေးကွက် အရောင်းသွက်နေပြီး တရုတ်ကြက်သွန်ထက် စျေးပိုများသော  မြန်မာ့မျိုးရင်း ကြက်သွန်က ပိုအဝယ်လိုက်ကြောင်း သိရသည်။

“ ဒီနေ့ မကွေး လက်လီရောင်းစျေးက ၂၄၀၀ ကျပ်ကနေ ၂၈၀ဝ ကျပ်စျေးအထိ အရောင်းဝယ် လုပ်နေရပါတယ်၊ မြန်မာ့ဒေသမျိုးရင်း ကြက်သွန်နီစျေးကောင်းပေမယ့် အသုံးတည့်တယ် ၊ ကြာရှည်အထားခံတယ်။ တရုတ်ကြက်သွန်နီက စျေးချိုတယ်၊ အသုံးမတည့်ဘူး။ စားသုံးသူက အလုံးကြီးလွန်းတော့ အကြိုက်နည်းကြတယ်၊ ဒါကြောင့်အရောင်းဝယ်ကျ မလိုက်ဘူးဗျ” ဟုမကွေးမြို့ ၊ ကြက်သွန်နီအရောင်းဝယ်လုပ်ငန်းလုပ်ကိုင်သူ ကိုဝင်းတင့်က ပြောသည်။

ကြက်သွန်နီစျေး မြင့်တက်သော်လည်း လတ်တလော အခြေအနေတွင် အရောင်းအဝယ် တန့်နေကြောင်း စျေးကွက်အတွင်းမှ သိရပြီး မြန်မာ့ဒေသမျိုးရင်း ကြက်သွန်နီများကို ပခုက္ကူ-ရေနံချောင်း-ဆိပ်ဖြူမြို့များမှ လာရောက်တင်ပို့ရောင်းချကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly