ဘိုကလေးဆီဂိုဒေါင် မီးလောင်မှုတွင် နေအိမ် ၁၀ လုံးခန့် လောင်ကျွမ်း၊ ဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးနေ

ဘိုကလေးဆီဂိုဒေါင် မီးလောင်မှုတွင် နေအိမ် ၁၀ လုံးခန့် လောင်ကျွမ်း၊ ဆုံးရှုံးမှုတန်ဖိုးအား စစ်ဆေးနေ
Photo-Su Wai Aung facebook

ပုသိမ်၊ နိုဝင်ဘာ ၆ ။        ။ ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် ဘိုကလေးမြို့၊ ကမ်းနားလမ်းရှိ ပုဂ္ဂလိကပိုင် စက်သုံးဆီ ဆီဂိုဒေါင်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေ့လည် ၁ နာရီတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ယနေ့ နိုဝင်ဘာလ ၆ ရက်တွင် နေ့လည် ၁၁း၂၀ အချိန်ခန့်တွင် ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ၊ အမှတ် (၁)ရပ်ကွက် ၊ ရွှေငါးကြီးဂိတ်တွင် စက်သုံးဆီ ဆီဂိုဒေါင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ မီးလောင်မှုသည် ၁ နာရီ ၄၀ မိနစ်ကြာ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ဆီဂိုဒေါင်အနီးရှိ နေအိမ်အချို့ပါ မီးလောင်ကျွမ်းခံခဲ့ရသည်။

"အိမ်က ကျွန်တော်ကြားတာ ဆယ်လုံးလောက်မီးလောင်တယ်လို့ကြားရတယ်" ဟု ဘိုကလေးမြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ်ဦးအောင်ခင်ဗိုလ်က မဇ္ဈိမသို့ပြောသည်။

လက်ရှိတွင် မီးစတင်လောင်ကျွမ်းမှုနှင့်ဆုံးရှံုးမှုတန်ဖိုးအား သက်ဆိုင်ရာမှ စုံစမ်းနေပြီး၊မီးလောင်မှု ဖြစ်ပွားသည့် ဘိုကလေးမြို့နယ်သို့ နယ်စပ်လုံခြံုရေးဝန်ကြီးနှင့်တိုင်းမီးသတ်ဦးစီးမှူးတို့ သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ မီးလောင်မှုသို့ ဘိုကလေးမြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် (၄)စီး၊ ဖျာပုံမြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျိုက်လတ်မြို့နယ် မီးသတ် စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ဒေးဒရဲမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂)စီး၊ ကျိုက် ပိနယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၁)စီး၊ မော်ကျွန်းမြို့နယ် မီးသတ်စခန်းမှ မီးသတ် ယာဉ် (၁)စီး၊ ဘိုကလေးအရန်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၃)စီး၊ စုစုပေါင်း မီးသတ်ယာဉ် (၁၅)စီး ထွက်ခွာငြှိမ် းသတ်ခဲ့ရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly