နှစ်နိုင်ငံနယ်စပ် ပစ်ခတ်မှုအတွက် ဘင်္ဂလားဒေ့နယ်ခြားစောင့်ဘက်သို့ မြန်မာမှ ကန့်ကွက်စာပေးပို့

နှစ်နိုင်ငံနယ်စပ် ပစ်ခတ်မှုအတွက် ဘင်္ဂလားဒေ့နယ်ခြားစောင့်ဘက်သို့ မြန်မာမှ ကန့်ကွက်စာပေးပို့
လုံခြုံရေးယူထားသော နယ်ခြားစောင့် တပ်ဖွဲ့များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ နိုဝင်ဘာ ၆ ။           ။ ယမန်နေ့ နိုဝင်ဘာ ၅ ရက်နေ့က မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင်အမှတ် ၄၅ နှင့် ၄၆ ကြားတွင်  ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရသည်။

"ကျွန်တော်တို့ အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ကန့်ကွက်ထားတယ်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့အချင်းချင်း ကန့်ကွက်စာပေးပို့ ထားတယ်" ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မဇ္စျိမ၏ ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေဆိုခဲ့သည်။

ပစ်ခတ်မှုဖြစ်စဉ်မှာ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေနယ်ခြားစောင့်ရဲတပ်ဖွဲ့အပိုင် မိုင်တိုင်အမှတ် ၄၅ ရဲကင်းစခန်းမှ ရဲတပ်သား မျိုးနိုင်၊ နိုင်ကိုကို ၊ မျိုးမင်းနှင့် ထန်စွမ်းပြောင်းတို့ ၄ ဦးကို  ဘင်္ဂလားဒေ့ရှ်- မြန်မာနယ်စပ် မိုင်တိုင် ၄၆ အနီး၌ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်း မှ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်မှုများကြောင့် ရဲတပ်သား ထန်စွမ်းပြောင်းမှာ အောင်သပြေနယ်မြေစခန်း သို့ သွားရောက် စစ်ကူတောင်းခဲ့သဖြင့် အောင်သပြေနယ်မြေမှူးနှင့် အဖွဲ့အင်အား ၂၀ ကျော် သည် အခင်းဖြစ်ပွားရာသို့ စစ်ကူသွားရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့မှုများ ၊ လက်နက်ပျောက်ဆုံးခြင်းများ မရှိခဲ့ကြောင်း သိရသည်။ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကြား ပစ်ခတ်မှုများသည် ယခုနှစ်အတွင်း မကြာခဏ ဆိုသလို ဖြစ်ပွားနေပြီး ပြီးခဲ့သည့် အောက်တိုဘာ လ အတွင်း၌လည်း မြန်မာ - ဘင်္ဂလားဒေ့ရှ် မိုင်တိုင် ၄၆ အနီး၌ ဒေသခံ ဒိုင်းနက်လူမျိုးများ နှင့် အကြမ်းဖက်သမားများ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly