ဒိုင်လူကြီးများ၏ အဆင့်အတန်းမှာ နှစ်စဉ်နှစ်တိုင်းဆိုးရွားသည်ဟု အာစင်ဝင်းဂါး ဝေဖန်

ဒိုင်လူကြီးများ၏ အဆင့်အတန်းမှာ နှစ်စဉ်နှစ်တိုင်းဆိုးရွားသည်ဟု အာစင်ဝင်းဂါး ဝေဖန်

နိုဝင်ဘာ ၆၊ အင်္ဂလန် ။            ။ မန်စီးတီးအသင်းကို ၃-၁ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်တွင် အာဆင်နယ်အသင်းနည်းပြအာစင်ဝင်းဂါးက ဒိုင်လူကြီးများ၏ အဆင့်အတန်းမှာ နှစ်စဉ်နှစ်တိုင်း ဆိုးရွားကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

မန်စီးတီးအသင်းရရှိသွားသည့် ဒုတိယဂိုး ပင်နယ်တီတွင် စတာလင်းမှာ ဒိုင်ဗင်ထိုးခဲ့သည်ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့ပြီး ဂျီးဆပ်၏ တတိယဂိုးတွင်လည်း ဖန်တီးပေးခဲ့သည့် ဆေးလ်ဗားမှာ လူကျွံနေကြောင်း ထောက်ပြခဲ့သည်။

“ဒိုင်လူကြီးတွေဟာ သူတို့အလုပ်ကို အကောင်းဆုံးမလုပ်နိုင်ခဲ့ဘူးလို့ ခံစားရပါတယ်။ ဒိုင်လူကြီးတွေရဲ့အဆင့်အတန်းဟာ နှစ်စဉ်နှစ်တိုင်း ကျဆင်းနေပါတယ်။ အားလုံးခြံုကြည့်လိုက်ရင် ဒါက လက်မခံနိုင်စရာပါ” ဟု အာစင်ဝင်းဂါးက ဆိုသည်။

ထို့အပြင် ဆက်လက်ပြီး ၀င်းဂါးက “စတာလင်းကို မွန်ရီရယ်ဝင်တိုက်ခဲ့တာ ပင်နယ်တီမဟုတ်ဘူးလို့ ကျွန်တော်ယုံကြည်ပါတယ်။ စတာလင်းဒိုင်ဗင်ကောင်းကောင်း ထိုးတတ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါကို သူအကောင်းဆုံးလုပ်သွားပါတယ်။ တတိယဂိုးကလည်း လူကျွံဘောပါ။ ၂-၁ ဖြစ်နေချိန်မှာ ဒီလိုဂိုးပေးလိုက်ရတာက ကျွန်တော်တို့ကို လုံးဝ ကျရှုံးသွားစေတာပါပဲ” ဟု ပြောဆိုခဲ့သည်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကမူ ဘောလုံးတွင် တစ်ခါတစ်ရံထိုသို့ ဖြစ်တတ်ကြောင်း ပြောဆိုသွားခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly