အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ

အိပ်နေစဉ်ထားရှိရမည့် ကိုယ်အနေအထားနှင့် ကျီးပေါင်းရောဂါအတွက် လေ့ကျင့်ခန်းများ

ရေးသားသူ Dr. K Zin Thwe
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ hellosayarwon.

သင့်ကျောရိုးသည် သင့်တကိုယ်လုံးအလေးချိန်ကို ထမ်းထားရသည့်အတွက် အခြားသော နေရာများထက်စာလျှင် ပြသနာများ၊ ဒဏ်များ ပိုဖြစ်စေပါသည်။ သင်အိပ်သော အနေအထားကလည်း ခါးနာခြင်းကို ဖြစ်စေနိုင်ကြောင်း သင်သတိပြုမိပါသလား။

အောက်ပါဆောင်းပါးသည် အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေခြင်းနှင့် ကျီးပေါင်းဖြစ်သူများ ပြုလုပ်ရမည့် လေ့ကျင့်ခန်းများကို ဖော်ပြထားခြင်းဖြစ်ပါသည်။

အိပ်သော အနေအထားနှင့် ကျီးပေါင်းဖြစ်ခြင်းတို့ ဆက်စပ်နေပုံ

ကျီးပေါင်းဖြစ်ခြင်းသည် ခါးရိုးကြားရှိကြားခံ ချပ်ပြားများပျက်စီးလာခြင်းကြောင့် ခါးနာခြင်း၊ လည်ပင်းနာခြင်းများခံစားရခြင်းဖြစ်ပါသည်။ ယင်းဖြစ်စဉ်သည် ခါးရိုးကြားရှိ ချပ်ပြားများနှင့် အရိုးများသည် အိုမင်းရင့်ရော်လာခြင်းကြောင့် ဖြစ်ရခြင်းဖြစ်ပါသည်။

ထိုသို့ ကျီးပေါင်းဖြစ်သောနေရာများတွင် နာကျင်ခြင်းကို ခံစားရပြီး ထိုမှတဆင့် လက်မောင်းများ၊ ခြေထောက်များတွင် နာခြင်း၊ ထုံခြင်းတို့ခံစားလာရပြီး လမ်းလျှောက်ရခက်ခဲခြင်းဖြစ်လာနိုင်ပါသည်။

အနေအထားမမှန်စွာ အိပ်စက်ခြင်း၊ ဥပမာ မှောက်လျက် အိပ်ခြင်းသည် ကျီးပေါင်းကို ဖြစ်စေပါသည်။ ထို့ကြောင့် ခေါင်းအုံးပါးပါးဖြင့် ကျောခင်းပြီးအိပ်သင့်ပါသည်။ ကျောပြင်သည် ကိုယ်ခန္ဓာ၏ အကြီးဆုံးမျက်နှာပြင်ဖြစ်သည့်အတွက် ကျောခင်းအိပ်ခြင်းဖြင့် အလေးချိန်သက်ရောက်မှု မျှတကာ အရိုးဆစ်များအပေါ်တွင် ဖိအားသက်ရောက်မှုနည်းစေပါသည်။

ထို့အတူပင် သင်မတ်တပ်ရပ်နေစဉ် သင့် ခေါင်း၊ လည်ပင်းနှင့် ခါးအနေအထားများကလည်း သင့်ကိုယ်ဟန်အနေအထားမှန်ကန်မှုအတွက် အရေးပါပါသည်။ သင်အိပ်နေစဉ်တွင် ဒူးအောက်တွင်ခေါင်းအုံးပါးပါးခံထားခြင်းဖြင့် သင့်တင်ပါး၊ ကျောရိုးနှင့် အရိုးကွင်းများကို အနေအထားမှန်စေပါသည်။

ခေါင်းအုံးထူထူဖြင့်အိပ်ခြင်း၊ ခေါင်းအုံးများ ဆင့်အိပ်ခြင်းမျိုးမပြုလုပ်ပါနှင့်။ ယင်းသည် သင့်လည်ပင်းနှင့် ကျောရိုးကို ဒဏ်ဖြစ်စေပါသည်။ စပရိန်မွေ့ယာများသည် ကျီးပေါင်းသမားများအတွက် သင့်တော်ပါသည်။

ကျီးပေါင်းဖြစ်သူများအတွက် လေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းများ မှန်မှန်ပြုလုပ်ပေးခြင်းဖြင့် ခါးရိုးဆစ်များနှင့် ကြားခံချပ်ပြားများကို သန်မာစေပြီး ပျက်စီးယိုယွင်းခြင်းမှလည်း ကာကွယ်ပေးပါသည်။ အကြောများကို ဆန့်သော လေ့ကျင့်ခန်းများ၊ ကြွက်သားများသန်မာစေသော လေ့ကျင့်ခန်းများကို နေ့စဉ်ပြုလုပ်ပေးခြင်း၊ တနေ့တွင်အကြိမ်များစွာပြုလုပ်ပေးခြင်းတို့ဖြင့် လည်ပင်းနှင့် ကျောဘက်တွင်ရှိသော ကြွက်သားများကို ပိုပြီး သန်မာလာစေပါသည်။

အဆိုပါ ကြွက်သားများသည် ခါးကျောရိုးကို ထောက်ပံ့ပေးထားပါသည်။ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် သင့်ခန္ဓာကိုယ်၏ အလေးချိန်ကို ခါးကျောရိုးက ပိုပြီး ခံနိုင်ရည်ရှိစေပါသည်။

ထို့အပြင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများသည် ပေါ့ပါးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။ ထို့ပြင် နှလုံးခုန်မှန်စေခြင်း၊ ပင်မကျောရိုးသို့ သွေးလည်ပတ်မှုကောင်းခြင်းဖြစ်စေကာ သင့်ကို ကျန်းမာစေပါသည်။

အေရိုးဗစ်လေ့ကျင့်ခန်းများပြုလုပ်ပြီး မိနစ် ၃၀- ၄၀ အကြာတွင် သင့်ကိုယ်ထဲမှ Endorphin အမည်ရှိသော အနာသက်သာစေသည့် သဘာဝဟော်မုန်းတမျိုးထွက်လာပါသည်။

ရောဂလေ့ကျင့်ခန်းများကလည်း ကျောရိုးအတွက် ကောင်းမွန်ပါသည်။ မြွေဟောက်ပုံစံ၊ တံတားပုံစံများဖြင့် ရောဂလေ့ကျင့်ခန်းများပြုလုပ်ပေးနိုင်ပါသည်။

ဘောလုံးကစားခြင်း၊ ဘောလီဘော၊ ဘတ်စကတ်ဘော ကစားခြင်းကဲ့သို့သော ပြင်းထန်သည့် လေ့ကျင့်ခန်းများကို ရှောင်ကျဉ်သင့်ပါသည်။

အချုပ်ဆိုရသော် သင်အိပ်သော အနေအထားသည် ခါးကျောရိုးကို ထိခိုက်စေကာ ထိုမှတဆင့် ကျီးပေါင်းဖြစ်လာခြင်းဖြစ်ပါသည်။ထို့ကြောင့် အိပ်သော အနေအထားကို မှန်အောင်ကြိုးစားခြင်း၊   လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်းဖြင့် ခါးနှင့် လည်းပင်းအရိုးများပျက်စီးခြင်းကို လျှော့ချပေးပြီး နာကျင်ခြင်းကိုလည်း သက်သာစေပါသည်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly