ရခိုင်ပြည်နယ် ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် ရုပ်ရှင်အစည်းအရုံးမှ ကျပ် သိန်း ၁၀၀ လှူဒါန်း

ရခိုင်ပြည်နယ် ထူထောင်ရေးနှင့်ဖွံ့ဖြိုးရေးအတွက် ရုပ်ရှင်အစည်းအရုံးမှ ကျပ် သိန်း ၁၀၀ လှူဒါန်း

ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေး အတွက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ယနေ့ နိုဝင်ဘာလ ၅ ရက်တွင် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့သည်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်း နှင့် အမှုဆောင်များ၊ နာယကများက ရန်ကုန်မြို့ ၊ ဗဟန်းမြို့နယ် ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အစည်းအဝေးခန်းမ၌ အလှူငွေပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လက်ခံခဲ့သည်။

ဒေါက်တာဖေမြင့်က ရခိုင်ပြည်နယ်အရေးသည် တစ်နိုင်ငံလုံးကိစ္စ ဖြစ်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးအနေဖြင့် တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့်အရေးကိစ္စများကြံုလာတိုင်း အစဉ်တစိုက် ၀ိုင်းဝန်းပြီး ကူညီဆောင်ရွက်နေသည့်အတွက် ၀မ်းသာပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တိုင်းပြည်အရေးကိစ္စများတွင် အနုပညာရှင်များအနေဖြင့် တက်တက်ကြွကြွဖြင့် ပါ၀င်ဆောင်ရွက်နေသည်ကိုလည်း အမြဲတမ်းတွေ့ရှိရပြီး ပြည်သူများဒုက္ခရောက်ရှိချိန်တွင် အနုပညာရှင်များက   ငွေကြေး၊ ပစ္စည်းများအပြင် ကိုယ်တိုင်လာ ရောက်၍တွေ့ဆုံအားပေးကူညီခြင်းသည် ဒေသခံပြည်သူများအတွက် ပိုမိုအားဖြစ်စေ သည်ကိုလည်းတွေ့ရပါကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

အဆိုပါ အလှူငွေများကို ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင် ရန်အတွက် ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပ့ံပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD)သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးမှ ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly